ယင်းမာမြို့နယ်၊ ကျောက်မှော်ရွာနှင့် ကနီမြို့နယ်၊ နွားခြံကုန်းရွာ တို့ကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်း၊ ယင်းမာမြို့နယ်၊ ကျောက်မှော်ရွာနှင့် ကနီမြို့နယ်၊ နွားခြံကုန်းရွာ တို့ကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း ၂၇ သတင်းဆက်သွယ်ရေးနှင့် ပြန်ကြားရေးဌာန (ရင်းမြစ်ဌာနေ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကြောင်းထိုးထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဦးသာပုံကိုင်းကျေးရွာမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ရာ ကျောက်မှော်ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အဦး ၅ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး အသက် ၃၂ နှစ် အရွယ် အမျိုးသား ၁ ဦး ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိပြီး အသက် ၃၅ နှစ် အရွယ် အမျိုးသား ၁ ဦး ညာလက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၁၀ မိနစ်နှင့် ၂၃ မိနစ်တွင်လည်း နမခ ၏ ကာကင်းစခန်းဖြစ်သော ရှပ်ပြေးတောင်မှ လက်နက်ကြီးများဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် နမခတိုင်းစစ်ဌာနချုပ်၏ ကာကင်းစခန်း ရှပ်ပြေးတောင်မှလွှတ်တင်သောဒရုန်းဖြင့် ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာ ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း နေထိုင်သော အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦးသည် ညာဖက်ပါးဖောက်ထွင်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။