ဗိုလ်တစ်ထောင် ရေတပ်မှ ဗိုလ်ကြီး ၁ ဦးနှင့် ဘားအံ ရတဖ ၂၂ မှ ရဲတပ်သား ၁ ဦး တို့ ကျားသစ်နက် စစ်ကြောင်းထံ အလင်းဝင်
ရန်ကုန်၊ ဗိုလ်တစ်ထောင် ရေတပ်မှ ဗိုလ်ကြီး ၁ ဦးနှင့် ဘားအံ ရတဖ ၂၂ မှ ရဲတပ်သား ၁ ဦးတို့ အလင်းဝင်ရောက်ခဲ့ကြောင်း ကျားသစ်နက် စစ်ကြောင်း (Black Panther Column) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျားသစ်နက် စစ်ကြောင်းထံ ဗိုလ်တစ်ထောင်မြို့နယ် ရေတပ် ပင်မ စက်မှု လက်မှုတပ် (NED) မှ ဗိုလ်ကြီးတစ်ဦး နှင့် ဇနီး ဖြစ်သူတို့ အပါအဝင် ကရင်ပြည်နယ်၊ ဘားအံ ရတဖ (ရဲ တပ်ရင်း) ၂၂ မှ ရဲတပ်သားတစ်ဦးတို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသူ ၂ ဦးသည် လက်နက်များ ယူဆောင်လာခြင်းမရှိကြောင်း၊ ထိုသို့ အလင်းဝင်လာသည့်အတွက် ကျားသစ်နက် စစ်ကြောင်းမှ နွေးထွေးစွာ ကြိုဆို လက်ခံထားကြောင်း သိရှိရသည်။
” ၈ ရက်နေ့က အလင်းဝင်ရောက်ခဲ့တာပါ။ လက်နက်တွေတော့ မပါလာပါဘူး။ အခုလို စစ်ကောင်စီရဲ့ ယုတ်မာ ကောက်ကျစ် စဥ်းလဲ မှုများမှ ရုန်းထွက်ပြီး အလင်းဝင်ရောက်လာတဲ့အတွက် ကျားသစ်နက် စစ်ကြောင်းကနေ နွေးထွေးစွာ ကြိုဆို လက်ခံထားပါတယ်” ဟု ကျားသစ်နက် စစ်ကြောင်း (Black Panther Column) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။