ယင်းမာပင်ရှိ ကျောက်မှော်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စားသုံးဆီကြိတ်စက်ရုံ မီးလောင်ပြာကျ၊ အုတ်တွင်လည်း စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျောက်မှော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် စားသုံးဆီကြိတ်စက်ရုံ မီးလောင်ပြာကျခဲ့ကြောင်း တပ်ရင်း ၂၇ သတင်းဆက်သွယ်နှင့် ပြန်ကြားရေးဌာန (ရင်းမြစ်ဌာနေ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး စားသုံးဆီကြိတ်စက်ရုံ မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သည် ယင်းနေ့ ညပိုင်းတွင် ယင်းမာပင်မြို့နယ် အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ၇ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီ ၄ ရက် မှ စတင်ကာ ယင်းမာပင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်လာခြင်းဖြစ်ပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။
အလားတူ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော တဲကြီးကုန်းကျေးရွာနှင့် ရှမ်းရွာတို့မှ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြစ်ကမ်းပါးရှိ ကျေးရွာများကို ပစ်ခတ်ခဲ့ခြ်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။