ကျောက်မဲ ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကျဲခဲ့၍ CDM သူနာပြုဆရာမကြီး အပါအဝင် ၃ ဦး ကျဆုံးပြီး ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရမှု စစ်ရာဇဝတ်မှုမြောက်ဟု NUG ထုတ်ပြန်၊ TNLA ကလည်း ပြင်းထန်စွာရှုတ်ချ
ရန်ကုန်၊ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကျဲခဲ့၍ CDM သူနာပြုဆရာမကြီး အပါအဝင် ၃ ဦး ကျဆုံးပြီး ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရမှုမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်နေ့၊ မွန်းလွဲပိုင်း အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ခြင်းဖြစ်ပြီး CDM သူနာပြုဆရာမကြီး ၁ ဦး၊ CDM ရုံးဝန်ထမ်း ၁ ဦး၊ ပြည်သူ ၁ ဦး ကျဆုံးခဲ့ရကြောင်း၊ ဆေးရုံဝန်ထမ်းများ၊ CDM ဝန်ထမ်းများ၊ လူနာများအပါအဝင် ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကျောက်မဲပြည်သူ့ဆေးရုံတစ်ခုလုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေနှင့် လျစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူရန် NUG က တောင်းဆိုထားသည်။
ကျောက်မဲမြို့ကို သိမ်းပိုက်ထားသော TNLA ကလည်း ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုမှာ စစ်ရာဇ ဝတ်မှု ကျူးလွန်နေခြင်းဖြစ်ပြီး အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း သတင်းထုတ်ပြန်သည်။
ထို့ပြင် ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းကလည်း ဘားအံမြို့နယ် ဟတလက်ကျေးနယ်အုပ်စု ဖလံတောင်ဆေးရုံကို လေကြောင်းနှင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍ ဆေးရုံထိခိုက်ပျက်စီးခဲ့ကာ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ အသက်ဘေးကင်းလွတ်ခဲ့ရကြောင်း NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ထိုသို့ အကြမ်းဖက်စစ်တပ်၏ ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား တိုက်ခိုက်မှုများသည် ဂျနီဗာကွန်ဗင်းရှင်း အပါအဝင် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ NUG အစိုးရအနေနှင့် သေဆုံးထိခိုက်ခဲ့ရသည့် ကျန်းမာရေဂဝန်ထမ်းများနှင့် ပြည်သူများ၏ တရားမျှတမှုအတွက် အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲ ဆောင်ရွက်သူများအပါအဝင် ထောက်ခံအားပေးသူများလည်း မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ရန် NUG အစိုးရက တိုက်တွန်းသည်။