မတ္တရာ၊ စကျင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ကျည်ဆန် ထိမှန်ပြီး ဒဏ်ရာရ၊ ဘုရားစေတီ တစ်ဆူ အပါအဝင် ဘုန်ကြီးကျောင်းနှင့် လူနေအိမ်တချို့ပျက်စီး
မန္တလေးတိုင်း၊ မတ္တရာ၊ စကျင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦး ကျည်ဆန် ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကာ ဘုရားစေတီ တစ်ဆူ အပါအဝင် ဘုန်ကြီးကျောင်း နှင့် လူနေအိမ်တချို့ပျက်စီးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား ၃ ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း၊ ဘုရားစေတီ တစ်ဆူ အပါအဝင် ဘုန်းကြီး ကျောင်းနှင့် လူနေအိမ်တချို့ပါ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မနက်ခင်း ၃နာရီ တိုက်ပွဲဖြစ်တယ်။ သေနတ်ပစ်တဲ့ အသံတွေကတော့ ကြားရတယ်။ ကျမတို့ရွာမှာတော့ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကိုပစ်တာ။ လက်နက်ကြီးပစ်တဲ့အချိန် မနက်ခင်း ၁၀ နာရီ ၁၅မိနစ်အချိန် ပစ်ခတ်ခဲ့တာ။ စစ်တပ်က ပစ်တာ။ ရွာတောင်ဖျားမှ ဒက္ခိဏာရုံ ဘုန်းကြီးကျောင်း အတွင်း လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီး အစတွေမှန်ပြီး ကိုကုလားက ဗိုက်ပွင့်ထွက် ဒဏ်ရာရတယ်၊ မောင်နိုင်ဖြိူးသူ နဲ့ မောင်သဲမောင် မစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့ပါတယ်။ စေတီလည်း ပျက်စီးသလို ဘုန်းကြီးကျောင်းနဲ့ ပြည်သူနေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်”ဟု စကျင်ရွာခံတစ်ဦးက ပြောဆိုသည်။
စကျင်ရွာတွင် အိမ်ခြေ ၃၀၀၀ ရှိပြီး ပန်းပုလုပ်ငန်းအမျိုးစုံလုပ်ကိုင်သော ရွာဖြစ်ကြောင်း၊ အဆိုပါ စကျင်ရွာသို့ စစ်တပ်က မြွေဥဒိန်ရွာမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလော စကျင်ကျေးရွာမှ ပြည်သူများ ထွက်ပြေး တိမ်း ရှောင်နေရကြောင်း သိရှိရသည်။