ရန်ကုန်၊ ဇန်နဝါရီ ၂၇
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းအောင်က ငမိုးရိပ်စည်ပင် ရေပိုက်လိုင်းကို ပိတ်လိုက်ပြီး ရေပိုက် ပြင်ခ တစ်အိမ်လျှင် ငွေကျပ် ၁ သိန်း ၇ သောင်း အတင်းအဓမ္မ တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှုး ထွန်းအောင်သည် ရေပိုက်လိုင်းပြောင်းလဲတပ်ဆင်ခြင်းဟုဆိုကာ အမှတ် ၉ ရပ်ကွက်အတွင်းရှိ အိမ်သုံး၊ စီးပွားသုံး ရေသုံးစွဲသူများ၏ မူလ ရေပိုက်လိုင်းကို ပိတ်သိမ်းပြီး ရေပိုက်လိုင်းအသစ် ပြောင်းလဲတပ်ဆင်၍ ကုန်ကျစရိတ်များကို တစ်အိမ်လျှင် ငွေကျပ် ၁ သိန်း ၇ သောင်း အတင်းအဓမ္မ တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှုး ထွန်းအောင်က ရေမီတာဖိုး ၆၁၀၀၀ ကျပ်၊ မီတာအိမ်ဖိုး ၃၀၀၀၀ ကျပ်၊ မီးတိပ်/ကော်ဗူးဖိုး ၅၀၀၀ ကျပ်၊ ပိုက်ကလန့်ဖိုး ၃၅၀၀၀ ကျပ်၊ မိန်းတံခါးဖိုး ၁၅၀၀၀ ကျပ်၊ P.E ပိုက်အမဲဖိုး ၂၀၀၀၀ ကျပ်၊ လုပ်အားခ ၅၀၀၀ စုစုပေါင်း ငွေကျပ် ၁ သိန်း ၇ သောင်း နေအိမ်များမှ လိုက်လံ တောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အုပ်ချုပ်ရေးမှူး ထွန်းအောင်သည် ငွေကြေး မပေးသည့် နေအိမ်များကို သုံးရေ ဆက်လက် ပေးဝေသွားမည်မဟုတ်ကြောင်း ပြောဆိုပြီး လက်ရှိသွယ်တန်းထားသော ရေကိုပိတ်ပြစ်မည် ချိမ်းခြောက် ပြောဆိုပြီး ၎င်းတောင်းခံသော ငွေကြေးကိုသာ ပေးဆောင်ရန် အတင်းအဓမ္မတောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
“ဒဂုံမြို့သစ် အရှေ့ပိုင်း ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းအောင်က လက်ရှိသုံးနေတဲ့ ငမိုးရိပ်စည်ပင်ရေပိုက်ကို ပိတ်မှာ အသစ်သွယ်မှာ ဒီငွေပေးရင် ရေဆက်ရမယ် မပေးရင် လက်ရှိ သွယ်တဲ့ရေကို ပိတ်မှာလို့ပြောပြီး ငွေကြေးအတင်းကောက်ခံနေတာပါ” ဟု ဒေသပြည်သူများက ပြောဆိုသည်။
ရန်ကုန်မြို့တွင် မြို့တော်စည်ပင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ရေပိုက်လိုင်းပြင်သည်ဟုဆိုကာ ဂျိုးဖြူရေများကို ပိတ်ပြီး ငွေကြေး အတင်းအဓမ္မ တောင်းခံမှုများ မကြာခဏဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း၊ အထူးသဖြင့် ပြည်သူများက သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် အရေးယူမှုမရှိဘဲ ဂျိုးဖြူ ရေပိုက်လိုင်းကို အကြောင်းပြ၍ စည်ပင်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ငွေကြေးညှစ်ယူမှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar