ဇီးကုန်းတွင် အုပ်ချုပ်ရေးအဖွဲ့ကို PDFက ဝင်ရောက်ပစ်ခတ်ပြီးနောက် အုပ်ချုပ်ရေးမှူးများ ထွက်ပြေး၊ စစ်တပ်က မိသားစုဝင်များကို ဖမ်းဆီးပြီး ပြန်လာရန် ဖိအားပေးနေ
ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးအဖွဲ့ကို PDF က ဝင်ရောက် ပစ်ခတ်ပြီးနောက် အုပ်ချုပ် ရေးမှူးများ ထွက်ပြေးခဲ့ကြောင်း၊ စစ်တပ်က မိသားစုဝင်များကို ဖမ်းဆီးပြီး ရွာများကို ပြန်လာအုပ်ချုပ်ရန် ခြိမ်းခြောက် ခေါ်ဆောင်နေကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သိန်းအောင်၊ တွဲဘက်အုပ်ချုပ်ရေးမှူး ကိုဦးနှင့် ပျူစောထီး မြင့်ထွေး တို့ကို BTZM GBK-PDF (ပဲခူးရိုးမအခြေပြုတပ်ဖွဲ့) က ဝင်ရောက် ပစ်ခတ်ခဲ့ရာ ပျူစောထီး မြင့်ထွေး သေဆုံးသွားခဲ့ကြောင်း၊ ထို့နောက် အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူး သိန်းအောင်နှင့် တွဲဘက်အုပ်ချုပ်ရေးမှူး ကိုဦး တို့သည် ကျေးရွာအတွင်း ပြန်လည်ရောက်ရှိလာခြင်းမရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ ထွက်ပြေး တိမ်းရှောင်နေ၍ မီးကောက်ပင်ကျေးရွာအုပ်စုကို အုပ်ချုပ်မည့် အုပ်ချုပ်ရေးမှူးမရှိတော့ကြောင်း၊ ထို့ကြောင့် စစ်တပ်အတွက် လစဉ်ကောက်ခံပေးနေသော စစ်မှုထမ်းကြေးများ ကောက်ခံပေးမည့်သူ မရှိတော့သဖြင့် စစ်တပ်က အုပ်ချုပ်ရေးမှူး သိန်းအောင်ကို ရွာသို့ ပြန်လာနေထိုင်ရန် ဖုန်းဆက်ဖိအားပေးနေကြောင်း သိရှိရသည်။
ထွက်ပြေးနေသော အုပ်ချုပ်ရေးမှူး သိန်းအောင်ကလည်း အသတ်ခံရမည် စိုးရိမ်၍ ရွာသို့ ပြန်မလာရဲကြောင်း ပြောဆိုခဲ့ကြောင်း၊ စစ်တပ်က မီးကောက်ပင်ရွာမှ ၎င်း၏ ညီဖြစ်သူ သန်းအောင်ကို ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် စစ်တပ်က ဖမ်းဆီထားသော သန်းအောင်ကို ငွေကျပ် သိန်း၂၀ ဖြင့် လာရွေးရန် ပြောဆိုခဲ့ပြီး မိသားစုဝင်များက သိန်း ၂၀ ဖြင့်သွားရောက်ရွေးရန် ကြိုးစားခဲ့သော်လည်း သိန်းအောင် အုပ်ချုပ်ရေးမှူး ပြန်လည် လုပ်ကိုင်မှ ပြန်လွှတ်ပေးမည်ဟု စစ်တပ်က ထပ်မံပြောဆိုကြောင်း သိရှိရသည်။
လက်ရှိတွင် မီးကောက်ပင်ကျေးရွာအုပ်စုအနီး ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများလည်း ထွက်ပြေးတိမ်းရှောင်မှုများရှိပြီး ကျေးရွာကို ပြန်လည် လာရောက် အုပ်ချုပ်ခြင်းမရှိပါက သန်းအောင်ကဲ့သို့ မိသားစုဝင်များကို ဖမ်းဆီးသွားမည်ဟုစစ်တပ်က ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
“အဲ့လိုထွက်ပြေးလို့ မီးကောက်ပင်အုပ်စုမှာ အုပ်ချုပ်မယ့် အုပ်ကြီးမရှိလို့ စခတွေအတွက် စစ်မှုထမ်းကြေး ကောက်ပေးသူ မရှိဖြစ်နေတာကြောင့် အုပ်ကြီး သိန်းအောင်ကို ရွာမှာ ပြန်နေပြီး အုပ်ချုပ်ဖို့ စစ်ခွေးတွေက ဖုန်းဆက်ပြောပါတယ်။ အုပ်ကြီး သိန်းအောင်က PDF က သတ်မှာကြောက်လို့ ရွာပြန်မလာရဲဘူး ပြောတာကြောင့် မီးကောက်ပင်ရွာက သူ့ညီ ဦးသန်းအောင် ကို ဇန်နဝါရီ၁၃ ရက်နေ့ ညနေ ၄ နာရီမှာ လာဖမ်းသွားတာ ဦးသန်းအောင် ပြန်လွှတ်ပေးစေချင်ရင် သိန်း၂၀ ပေးရမယ်လို့ မိသားစုကို တောင်းတာကြောင့် မိသားစုက သွားခေါ်တော့ ငွေသာယူထားပြီး လူချင်းလည်း တွေ့ခွင့်မရတဲ့အပြင် ဦးသိန်းအောင် အုပ်ကြီးလုပ်မှ ပြန်လွှတ်ပေးမယ်လို့ စစ်ခွေးတွေက အကြပ်ကိုင်လိုက်တယ်လို့ သိရတယ်။ မီးကောက်ပင်အုပ်စုအနီးက ရွာတွေကလည်း ထွက်ပြေးတဲ့ အုပ်ချုပ်ရေးမှူးတွေရှိတယ်လို့ သိရတယ်။ ရွာကိုပြန်မလာရင် သိန်းအောင်လိုပဲ မိသားစုကို ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။