24 C
Yangon

ရွှေကျင်နှင့် ကျောက်တံခါးရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

Must read

ရွှေကျင်နှင့် ကျောက်တံခါးရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာနှင့် ကျောက်တံခါးမြို့နယ် နတ်တလင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်၊ အနန်းပေါ် အုပ်စုရှိ ကွင်းချောင်းဝရွာနှင့် နတ်သံကွင်းရွာ တို့တွင်အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နတ်တလင်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်း ပစ်ခတ်မှု အတွင်း နတ်တလင်း ကျေးရွာအတွင်းရှိ ဦးငသိုင်း၏ နေအိမ်ပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်း၏ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မအိအိစိုး နှင့် အဖွားဖြစ်သူ ဒေါ်ပွေးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ထိခိုက်ဒဏ်ရာများကြောင့် ဒေါ်ပွေးသည် ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

” ၂၇ ရက်နေ့ ည ၈ နာရီက ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝရွာနဲ့ နတ်သံကွင်းကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ခွေးတွေက ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်လို့ နတ်တလင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဦးငသိုင်း နေအိမ်ထိခိုက်ပျက်စီးတယ်။ ဦးငသိုင်းရဲ့ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မအိအိစိုးလည်း လက်နက်ကြီး ထိမှန် ဒဏ်ရာရတယ်။ အဖွားဖြစ်သူ ဒေါ်ပွေးကတော့ လက်နက်ကြီး ထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားပြီ” ဟု ပဲခူးခရိုင် ပကဖ တာဝန်ခံက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ လေယာဉ်ဖြင့် ၃ ကြိမ်၊ ၁၂၀ မမ လက်နက်ကြီး အလုံး ၂၀ နှင့် ဒရုန်းဖြင့် ၆ ကြိမ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း ၂ ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

“ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာကိုလည်း စစ်တပ်က လေကြောင်းနဲ့ ၃ ကြိမ်၊ ၁၂၀ လက်နက်ကြီး အလုံး ၂၀ နဲ့ ပစ်ခတ် ဗုံးကျဲလို့ ဘုန်းကြီးကျောင်း ၂ ကျောင်းပျက်စီးခဲ့တယ်။ နောက်ပြီး ဒရုန်းနဲ့လည်း ၆ ကြိမ် ဗုံးကျဲလို့ ပြည်သူ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်” ဟု ပဲခူးခရိုင် ပကဖ တာဝန်ခံက ထပ်မံ ပြောဆိုသည်။

အကြမ်းဖက် စစ်သည် ပဲခူးတိုင်း အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ အနေဖြင့် သတိပြု သွားလာနေထိုင်ကြရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေး နှိုးဆော်ထားသည်။

ဓာတ်ပုံ – ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပျက်စီးသွားသော ဘုန်းကြီးကျောင်းတစ်ကျောင်း (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article