28 C
Yangon

စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုကြောင့် မြန်မာပြည်သူ ၁၅ သန်း ဆာလောင်မွတ်သိပ်နေပြီး စားနပ်ရိက္ခာ မလုံလောက်မှု အဆိုးရွားဆုံး ဖြစ်နေဟု WFP က သတိပေး

Must read

🟥 “ကုန်စျေးနှုန်းများ တက်နေသဖြင့် ပြည်သူများ ထမင်းအနပ်ရေလျှော့စားပြီး မ၀မလင်ဖြစ်နေရ”

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများအကြား မြန်မာပြည်သူ ၁၅ သန်းမှာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး စားနပ်ရိက္ခာမလုံလောက်မှု အဆိုးရွားဖြစ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးသည်။

မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှု အခြေအနေမှာ အလွန်ပြင်းထန်သည့်အဆင့်သို့ ရောက်ရှိနေပြီး ၂၀၂၅ ခုနှစ်တွင် ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် နိုင်ငံ့လူဦးရေ ၁၅ သန်းမှာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး ယမန်နှစ်၏ လူဦးရေ ၁၃ ဒသမ ၃ သန်းမှ တိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အပြင် စစ်ကိုင်းတိုင်း အပါအဝင် တိုက်ပွဲများဖြစ်ပွားရာ နယ်မြေများတွင် နေထိုင်သူများသည် စားနပ်ရိက္ခာမလုံလောက်မှုကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရကြောင်း၊ မြန်မာနိုင်ငံ လူသားချင်းစာနာမှု လိုအပ်ချက်နှင့် တုံ့ပြန်ရေးအစီအစဉ်အရ ယခုနှစ်တွင် လူဦးရေ သန်း ၂၀ နီးပါး (လူ ၃ ဦးတွင် ၁ ဦးနှုန်း) သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပဋိပက္ခတွေ ကြီးထွားလာတာ၊ သွားရောက်ကူညီခွင့် ကန့်သတ်ချက်တွေ ရှိတာ၊ စီးပွားရေး ပြိုလဲတာနဲ့ ရာသီဥတုဆိုင်ရာ အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ဆာလောင်မွတ်သိပ်မှု အခြေအနေဟာ စံချိန်တင် မြင့်တက်လာနေတာဖြစ်ပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michal Dunford က ပြောသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃ ဒသမ ၅ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေရကြောင်း၊ ပဋိပက္ခများသည် ပိုမို နက်ရှိုင်းလာပြီး နေရာဒေသသစ်များဆီ ဆက်လက်ကူးစက်နေသည့်အတွက် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၄ ဒသမ ၅ သန်းကျော်အထိ အိုးမဲ့အိမ်မဲ့ဖြစ်လာနိုင်ကြောင်း WFP က ခန့်မှန်းသည်။

နေရပ်စွန့်ခွာသူများအတွက် စားနပ်ရိက္ခာသည် အကြီးမားဆုံးလိုအပ်ချက်ဖြစ်နေပြီး တရိပ်ရိပ်တက်လာသည့် ကုန်ကျစရိတ်များနှင့် မြန်ဆန်လွန်းသည့် ငွေကြေးဖောင်းပွမှုတို့ကြောင့် အများစုမှာ လိုအပ်သည့် စားနပ် ရိက္ခာကို လက်လှမ်းမမီနိုင်ကြကြောင်း၊ မြန်မာနိုင်ငံတွင် အဓိကကျသော စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ဆီ၊ ဆားနှင့်ပဲတို့၏ စျေးနှုန်းများသည် ယမန်နှစ်ထက် ၃၀ ရာခိုင်နှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်းတွေကလည်း လစဉ်လတိုင်း မြင့်တက်နေပါတယ်။ ပြည်တွင်းစျေးကွက်မှာ ရောင်းကုန်ရှိနေရင်တောင် လူတွေက အခြေခံစားသောက်ကုန်တွေဝယ်ဖို့အတွက် ပိုက်ဆံမရှိကြပါဘူး။ ဒီတော့ ထမင်းအနပ်ရေ လျှော့စားပြီး မ၀မလင် စားသောက်နေကြရပါတယ်”ဟု Michal Dunford က ဆက်လက် ပြောသည်။

မြန်မာနိုင်ငံ၏ အခြေအနေမှာ ကမ္ဘာတစ်ဝန်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများကြောင့် တိမ်မြှုပ်နေပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရရှိကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံရဲ့ အရှိန်အဟုန်မြင့်လာတဲံ ပဋိပက္ခတွေကို ကမ္ဘာကြီးက လျစ်လျူရှုထားလို့မရပါဘူး။ နိုင်ငံတကာအနေနဲ့ ပံ့ပိုးကူညီမှုတွေကို ချက်ချင်းလက်ငင်း ပိုမိုတိုးမြှင့်ပေးဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ လူထောင်ပေါင်းများစွာဟာ ချောက်ကမ်းပါးစွန်းဆီ တွန်းပို့ခံရမှာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

WFP က ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူဦးရေ အနည်းဆုံး ၁ ဒသမ ၆ သန်းထံသို့ စားနပ်ရိက္ခာအထောက်အပံ့နှင့် ကူအညီများပေးသွားရန် ရည်မှန်းထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းတွင် ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ပြည်သူများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်းတွင် ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ပြည်သူများ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article