ဆိပ်ဖြူမြို့နယ်၊ စိုင်ကောင်းရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲပြီး မြေပြင် စစ်ကြောင်းကလည်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ စိုင်ကောင်းရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲပြီး မြေပြင် စစ်ကြောင်းကလည်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ စိုင်ကောင်းရွာကို အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ မှ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် မြေပြင်မှလည်း အကြမ်းဖက် စစ်တပ်က ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီးနောက် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူပိုင် တဲတိုက်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
“စိုင်ကောင်းရွာကို ကပစ ၂၂ က စစ်ခွေးတွေ စက်တပ် လေထီးတွေနဲ့ ဗုံးကျဲပြီး ရွာထဲကို ဝင်ရောက်စီးနင်း မီးရှို့နေတာပါ။ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရတယ်။ နေအိမ် ၁ လုံးပဲ အကောင်းတိုင်းကျန်တယ်လို့ သိရတယ်။ ပြည်သူတွေ အကုန်လုံး ထွက်ပြေး တိမ်းရှောင်နေရတယ်။ ပြည်သူတွေ အထိအခိုက်တော့ မရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ စိုင်ကောင်းရွာသည် ကျေးရွာအဖြစ် စတည်ထားသည်မှာ မကြာသေးဘဲ ရွာထဲ၌ အိမ်ခြေ ၃၀ ခန့်သာရှိကြောင်း သိရသည်။