28.1 C
Yangon

မောတောင်နှင့် ကျောက်ထု မြို့ အတွင်း စစ်တပ် က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၁၇

တနင်္သာရီတိုင်း၊ မောတောင်မြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မောတောင်မြို့ အမှတ် ၃ နှင့် အမှတ် ၄ ရွာဘက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေးတွေက မောတောင်မြို့ကို လေယာဉ်နဲ့ ဆက်တိုက်ကို ဗုံးကျဲ တိုက်ခိုက်နေတာ ဒီနေ့ မွန်းလွဲပိုင်းက ကျဲသွားတာ ပြည်သူတွေ ထိခိုက်မှု ရှိ၊မရှိကိုတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေ အကုန်လုံးလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မေလ ၁၄ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် မောတောင်မြို့ပေါ်ကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရကာ ပြည်သူနေအိမ် ၁ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် မေလ ၂ ရက်နေ့ကလည်း မောတောင်မြို့အတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခြင်းကြောင့် ၂ လသားအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ အတွင်းကိုလည်း အကြမ်းဖက် စစ်တပ် က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ထုမြို့ တောင်ခြမ်းကို အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ကျောက်ထုမြို့ တောင်ခြမ်းကို မကွေးလေတပ်က တက်လာတဲ့ စစ်ခွေး လေယာဉ်က ဗုံးကျဲသွားတာ ထိခိုက်မှု အခြေအနေကတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မေလ ၄ ရက်နေ့ကလည်း တံတားဦးလေတပ်မှ တက်သော Y-12 လေယာဉ် ၁ စီးက ကျောက်ထုမြို့ အတွင်း ၈ ကြိမ် ဗုံး ၃၄ လုံး ကျဲချတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် ဝင်ရောက် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article