ရန်ကုန်၊ မေ ၁၇
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်းဝိုင်းရွာမှ စစ်ဘေးရှောင် ပြည်သူ ၁ ဦးကိုပစ်သတ်ပြီး ကျေးရွာ ၈ ခုကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၂ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးပြီး ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းပိုင်းရှိ ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် မေလ ၁၆ ရက်နေ့ထိ ပခုက္ကူမြို့နယ် အတွင်းရှိ ထန်းတောချာက်ရွာ ၊ ညောင်ပင်ရွာ ၊ ဥယာဉ်ရွာ ၊ နံဂတ်ရွာ ၊ မွန်းနံကုန်းရွာ ၊ အင်းဝိုင်းရွာ ၊ ကူကျွန်းရွာနှင့် သဖန်းပင်ရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ရာနှင့်ချီ မီးလောင်ပျက်စီးခဲ့ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် မေလ ၁၄ ရက်နေ့က အင်းဝိုင်းရွာကို ဝင်ရောက်စီးနင်းစဉ် အသက် ၃၀ ကျော်အရွယ် စစ်ဘေးရှောင်ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက အခုထိ မြစ်ခြေအနီးမှာ ရှိနေပါသေးတယ်။ အချက်အလက်အသေးစိတ်ကောက်မရသေးဘူး၊ ထန်းတောချာက် ၊ ညောင်ပင်၊ ဥယာဉ်၊ နံဂတ်၊ မွန်းနံကုန်း၊ အင်းဝိုင်း၊ ကူကျွန်း ၊ သဖန်းပင်ရွာတွေကို စစ်ခွေးတွေက ဆက်တိုက် မီးရှို့သွားတယ်။ စစ်ရှောင် ၁ ဦးကိုလည်း စစ်ခွေးတွေက ပစ်သတ်သွားတယ်။ အလောင်းလည်း ပြန်မကောက်နိုင်သေးဘူး။ စစ်ရှောင်နေရတဲ့ ပြည်သူက ၂ သောင်းကျော်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာ ကျေးရွာများ အပါအဝင် အနီးအနားရှိ ကျေးရွာများကိုပါ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၂ သောင်းကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




