ပခုက္ကူနှင့် ရေစကြို ရှိ စစ်တပ် တပ်စွဲထားသော ဂိတ်စခန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိ
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဂိတ်စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ပန်းတိုင်းခြုံရွာ စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေ ၄ နာရီခန့်ကလည်း ရေစကြိုမြို့နယ်၊ ကျောက်လှေခါး ကျေးရွာရှိ GTC ကျောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“အဓမ္မ အာဏာသိမ်း ၄ နှစ်ပြည့်နေ့ အဖြစ် ပန်းတိုင်းခြုံကျေးရွာ စစ်ခွေးဂိတ်နဲ့ ကျောက်လှေခါးကျေးရွာမှာရှိတဲ့ GTC ကျောင်းကို ကျနော်တို့ ဝင်ရာက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSOမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Urban Underground Revolution Force -YSO နှင့် ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။