33 C
Yangon

မိုင်းရယ်နှင့် တန့်ယန်းမြို့နယ်များတွင် စစ်တပ်နှင့်ချိတ်ဆက်ထားသော တရုတ် လောင်းကစား၀ိုင်းများနှင့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ ပြန်လည်ခေါင်းထောင်လာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့တွင် စစ်တပ်နှင့်ချိတ်ဆက်ထားသော တရုတ်နိုင်ငံသားများ ဦးစီးသည့် လောင်းကစား၀ိုင်းများနှင့် အွန်လိုင်းငွေလိမ်းဂိုဏ်းတချို့ ပြန်လည် ခေါင်းထောင်လာပြီး လုပ်ငန်းများ ပြန်လည် လည်ပတ်နေကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းနှင့် ဒေသလူမှုကူညီရေး ကွန်ရက်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက တန့်ယန်းနှင် မိုင်းရယ်မြို့များတွင် စစ်အင်အားများ တိုးချဲ့ချထားပြီး တန့်ယန်းနှင့်မိုင်းရယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကဲ့သို့သော တိုင်းစစ်ဌာနချုပ်ပုံစံ လည်ပတ်အုပ်ချုပ်နေကြောင်း၊ အဆိုပါ တပ်များနှင့်ချိတ်ဆက်ထားသော တရုတ်နိုင်ငံသားပိုင် လောင်းကစား၀ိုင်းတချို့ နှင့် အွန်လိုင်းငွေလိမ်လည်သော ဂိုဏ်းတချို့မှာ စစ်တပ်၏ အကာအကွယ်ပေးမှုဖြင့် လုပ်ငန်းများ ပြန်လည် လည်ပတ်လာနိုင်ကြောင်း သိရှိရသည်။

” တန့်ယန်း နမ့်ဟူးလွယ်ကာမှာဆိုရင် လောင်းကစားနဲ့ ကျားဖြန့်နေရာ အသေး ၆ ခု၊ လောင်းကစားနဲ့ ကျားဖြန့်အကြီးနေရာ ၁၂ ခု ရှိတယ်။ အဓိက တရုတ်တွေပဲ လာကြတာ။ အဲဒီဘက်ကို တရုတ် တွေက လဲချားမြို့ကနေ တန့်ယန်း လာတယ်။ မိုင်းရယ် မြို့ကနေ တန့်ယန်း လာတယ်။ အခု ပြန်ဖွင့်တော့ တရုတ်တွေ ပုံစံမျိုးစုံနဲ့ ပြန်ဝင်လာကြတယ်။ လုပ်ငန်းတွေ ပြန်လုပ်ကြတယ်။ အဓိက နယ်မြေခံ တပ်တွေကို ပေးကမ်းပြီး သူတို့ လုပ်ကြတာ” ဟု တန့်ယန်းအခြေစိုက် စီးပွားရေးသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တန့်ယန်းမြို့သို့ လာရောက်ကြသည့် တရုတ်များမှာ Shwe Shin Hotelတွင် အများဆုံးတည်းခိုကြကြောင်း၊ တရုတ်များမှာ ပုံစံမျိုးစုံဖြင့် ပြန်လည် ဝင်ရောက်လာကြောင်း၊ တန့်ယန်းတွင် တရုတ်များဖြင့် ပြန်လည် စည်ကားလာကြကြောင်း သိရှိရသည်။

ထို့ပြင် မိုင်းရယ်တွင် လောင်းကစားနှင့်အွန်လိုင်းကျားဖြန့်နေရာ ၁၇ ခု ၊ မိုင်းဟတွင် ၉ ခု ရှိကြောင်း၊ အဆိုပါ လောင်းကစားနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများအားလုံးမှာ မိုင်းရယ်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် ချိတ်ဆက်လာကြခြင်းဖြစ်ကြောင်း၊ နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့်လည်း ဝင်ရောက်လာနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“၁၀၂၇ ကာလအတွင်းမှာ တရုတ်ဘက်ပြန်သွားကြတာ။ အခု MNDAA နဲ့ တိုက်ပွဲတွေ မဖြစ်တော့တဲ့အချိန်ကစပြီး တဖွဲဖွဲ ပြန်ဝင်လာကြတာ။ အခုကတော့ MNDAA နဲ့ အပစ်ရပ်သွားတော့ အလုံးအရင်းနဲ့ကို ပြန်ဝင်လာကြတာ။ တချို့တွေက M3 KTV နဲ့ CSJ KTV တွေမှာ ညပိုင်းမှာ ဧည့်သည် ပုံစံမျိုး နေပြီး မနက်အစောဆို သူတို့ကျားဖြန့်နေရာကို ပြန်သွားအလုပ်လုပ်ကြတယ်။ ကျားဖြန့် လုပ်တာအများဆုံးက M3 KTV မှာ အများဆုံး လာနေကြတယ်” ဟု တန့်ယန်းအခြေစိုက် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လတ်တလော တရုတ်-မြန်မာနယ်စပ်ဝင်ပေါက်များမှာ ပြန်လည် ပွင့်လာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေများမှတစ်ဆင့် တရုတ်များ ဝင်ရောက်နေရာတွင် ငွေကြေးချမ်းသာသော တရုတ်သူဌေးတချို့ပါ ရှမ်းမြောက်ဒေသသို့ ပြန်လည် အခြေချလာကြကြောင်း၊ အိမ်ခြံမြေအဝယ်အရောင်းအငှားစျေးကွက်မှာလည်း ပြန်လည် လှုပ်ရှားလာပြီး ဟိုတယ်နှင့် တည်းခိုခန်းများမှာ တည်းခိုသူ အပြည့် ပြန်လည်ဖြစ်နေကြောင်း သိရှိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ကျားဖြန့်နှင့်အွန်လိုင်းငွေလိုင်းဂိုဏ်းများ အခြေစိုက်ရာ လောက်ကိုင်မြို့ကို MNDAA က သိမ်းပိုက်ခဲ့ပြီးနောက် လောက်ကိုင်တွင် အခြေစိုက်ထားသော ကျားဖြန့်လုပ်ငန်းများမှာ အလုံးစုံ အပြီးသတ် ပိတ်သိမ်းကာ ရှမ်းပြည်နယ် အရှေ့ဘက်နှင့် မြောက်ပိုင်း တန့်ယန်း၊ မိုင်းဟနှင့်မိုင်းရယ်တို့ဘက်သို့လည်းကောင်း၊ ကရင်ပြည်နယ်၊ မြ၀တီနှင့်ဘုရားသုံးဆူဘက်သို့လည်းကောင်း ပြန့်နှံ့ရောက်ရှိသွားကြောင်း တန့်ယန်းအခြေစိုက်စီးပွားရေးသမားတချို့က သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ – တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိခဲ့သည့် ကျားဖြန့်လုပ်ကိုင်သော လုပ်ငန်းခွင်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိခဲ့သည့် ကျားဖြန့်လုပ်ကိုင်သော လုပ်ငန်းခွင်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article