ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျောက်လုံးရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီး၊ စစ်သားများ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၃
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျောက်လုံးရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ စစ်သားများ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြိုင်မြို့ စက်မှုဇုန်မှ ထွက်လာသော အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းရှိ ကျောက်လုံးရွာကို လက်နက်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျောက်လုံးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ရွာထဲမှ ပြန်လည် ထွက်ခွာလာပြီး ဝက်ပုတ်ရွာမှ သားအမိ ၂ ဦးကို ဖမ်းဆီးကာ ဖုန်းများကို လုယူသွားကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းသည် ဝါးရင်းချိုင်ရွာ တောတိုက်တွင် နေထိုင်သော အမျိုးသား ၁ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး အမျိုးသမီး ၁ ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လက်မောင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“နေအိမ် ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး။ စစ်ခွေး စစ်ကြောင်းက အဲရွာတွေ အနီးအနားမှာပဲရှိသေးတယ်။ ပြည်သူတွေကတော့ ရှောင်တိမ်းနေကြပါတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောက်လုံးရွာနှင့် ဝါးရင်းချိုင်ရွာ တောတိုက်များ အနီး ဆက်လက် ကင်းချထားကာ တပ်စွဲထားပြီး အနီးအနားရှိ ကျေးရွာများမှ ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
Photo – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ ဖျက်ဆီးနေစဥ် (ပုံအဟောင်းဖြစ်သည်)