ပွင့်ဖြူ၊ ပုသိမ်-မုံရွာလမ်းပိုင်း မဲဇလီ-ဆည်တော် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၁ လက်သိမ်းဆည်းရရှိ၊ စလင်းမြို့ လင်းဇင်းရဲစခန်းကို စီးနင်းမှု စစ်သား အများအပြား သေဆုံးပြီး စခန်းကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၄
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာ လမ်းမပေါ်ရှိ မဲဇလီ-ဆည်တော် စစ်ရေးဂိတ်ကို ၂ ကြိမ် ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Yenanthar Column မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၁ ရက် နံနက် ၆ နာရီ ၂၄ မိနစ်က ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းမပေါ်ရှိ မဲဇလီ – ဆည်တော် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီ ၅၄ မိနစ်အထိကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ဘန်ကာ ၃ လုံးအထိဖြိုချနိုင်ခဲ့ကာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း မဲဇလီစခန်းရှိ စစ်တပ်ခန်းက လက်နက်ကြီးပစ်ကူ၊ Paramotor (အင်ဂျင် တပ်လေထီး) များဖြင့် လေကြောင်းမှတဆင့် ၅ ကြိမ်ထက်မနည်း ပစ်ကူပေးတိုက်ခိုက်မှုကြောင့် စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“စခန်းကမသိမ်းနိုင်ဘူး၊ မဲဇလီစခန်းကနေ လက်နက်ကြီးပစ်ကူ၊ လေကြောင်းကနေ Paramotor လေထီးပစ်ကူလာလို့ ပြန်ဆုတ်ခဲ့ရတာ။ ပြီးတော့ ကျောက်ကုန်းကြီးပျူရွာ၊ ပွင့်ဖြူမြို့နယ် ဝါတပ်နဲ့ စလင်းဘက်ကနေ စစ်ကူလာတယ်။ အခုတော့ အင်အားထပ်ဖြည့်ထားတယ်။ ပွင့်ဖြူမြို့ အနီးတဝိုက် မှာ စစ်ရေးအရှိန်မြင့်တက်နေတဲ့ အနေအထားဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှု တွေ ပြင်ဆင်ထားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Yenanthar Column မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း မဲဇလီ-ဆည်တော် တံတားဂိတ်ကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ် ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး လက် နက်ငယ် ၁ လက်နှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို မကွေးတိုင်း ပ.က.ဖ ၏ ရွေ့လျားစစ်ကြောင်း Yenanthar Column ၊ မင်း ဘူးခရိုင်အမှတ် ၇ တပ် ရင်း၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပွင့်ဖြူမြို့နယ်နှင့် မင်းဘူးခရိုင် ပ.က.ဖ ဒရုန်း လက်ရုံးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းသိမ်းပိုက် ခဲ့ရာ အကြမ်း ဖက်စစ်သား အများအပြား သေဆုံးပြီး စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၆ နာရီကနေ့ အကြမ်းဖက်စစ်တပ်အထိုင်ချ တပ်စွဲထားသော စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ မိနစ် ၅၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်သားအချို့ စခန်းစွန့်ကာ ထွက် ပြေးမှုရှိခဲ့ကြောင်း သိရသည်။
“စခန်းထဲက ဝန်ထမ်းအိမ်ယာကို မီးရှို့နိုင်ခဲ့တာပါ၊ စခန်းထဲကို ရောက်တော့ ရောက်ခဲ့တယ်။ ဘန်ကာ တစ်ခုမဖြိုနိုင်ခဲ့တာ၊ ၅ ယောက်အပြင်မရှိတော့ဘူး။ ထွက်ပြေးတာလဲ မြင်နေရတယ်။ ၆၀ ကြီးတွေ ဒီအတိုင်း ပစ်ထားခဲ့တာ။ မြင်နေရပြီးတော့ မရခဲ့တာ၊ အဓိကကတော့ ပစ္စည်းအားနည်းခဲ့တာပေါ့၊ ဒီဘန်ကာကို ဖြိုဖို့ RPG ဒါမှမဟုတ်ရင် ပန်တိမ်နဲ့ဖြိုရမှာ၊ ပန်တိမ်တော့ပါတယ်။ ပန်တိမ်သီးက ဝယ် ရတာနည်းနည်လေးကြပ်တော့ ၂ လုံးပဲပါတာနဲ့ အဆင်မပြေဖြစ်သွားတာ၊ အဲဒါကြောင့်အချိန်မကြာ သင့်ပဲနဲ့ ကြာသွားပြီးတော့ စခန်းမသိမ်းနိုင်ခဲ့တာ။ စခန်းသိမ်းမယ်ဆိုရင် လက်နက်ကြီးပါမှ အဆင် ပြေတာပါ” ဟု မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိ သူက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်းအား ၄၅ မိနစ်အကြာ အပြီးသိမ်းပိုက်နိုင်ရန် ရည်ရွယ် ကာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပွိုင့်ကုန်းအထိ အရသိမ်းနိုင်ခဲ့သော်လည်း စစ်ကောင်စီ တပ်သားများက လက်နက်ခဲယမ်းများယူဆောင်ကာ ရဲစခန်းအတွင်း ပြေးဝင်ကာ ပြန်လည်ခုခံနေ သောကြောင့် လက်နက် ရရှိခဲ့ခြင်းမရှိကြောင်း၊ ထိုအပြင် စစ်တပ်က လေကြောင်းဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သည့်အပြင် ကံပြားစခန်းဘက်မှ စစ်ကူစစ်ကြောာင်းများကလည်း တက်လာမှုကြောင့် စခန်း ထဲရှိ လိုင်းခန်းကို မီးရှို့ကာ ပြန်လည် ဆုတ်ခွာခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။
“သေဆုံးထိခိုက်မှုကတော့ စုံစမ်းဆဲပေါ့။ သေဆုံး ဒဏ်ရာရသူတွေကိုတော့ လင်းဇင်းကနေ လူနာ တင်ကား ၂ စီးနဲ့ သယ်သွားပြီးတော့ ကပစ ၂၂ ဘက်ကို မောင်းသွားတယ်။ သေဆုံးတာရှိတယ်၊ ပြေး တာရှိတယ်။ ဘန်ကာထဲမှာ ကျန်တာဆိုလို့ အဘိုးကြီးတစ်ယောက်ရယ်၊ အလွန်ဆုံးရှိမှ ၅ ယောက်ပဲ၊ လေယာဉ်လည်းမလာဘူး။ စစ်ကူလည်းမလာဘူးဆိုရင်အရသိမ်းနိုင်မှာ။ လေယာဉ်က လာတာက တော့ တစ်ခေါက်ထဲပဲ၊ ဒါပေမယ့် ၃ ခေါက်ပတ်ပြီးပစ်သွားတာ။ လိုင်းခန်းထဲက အဆောက်အအုံထဲ ကတစ်လုံးကို မီးရှို့ပြီးပြန်ဆုတ်လာခဲ့တာ၊ လိုအပ်နေတဲ့လက်နက်တွေသာ အပြည့်အစုံရှိရင်စခန်းကို ရကိုရနိုင်တယ်၊ ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ ကူညီပေးကြပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ၊ Burma Army (BA) ၊ မင်းဘူးခရိုင် လက်ရုံးတပ်ဖွဲ့၊ ဒေါင်းစစ်အောင် (LPDF)၊ ဒေါင်းညီနောင် (L PDF) ၊ SLN (L PDF) ၊ စလင်း (ပ.က.ဖ) နှင့် မကွေးတိုင်းဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
