ပွင့်ဖြူတွင် လူသူမရှိတော့သော စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်နေ
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် ကျေးရွာများကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့ စိတ်ကြိုက်ဝင်ရောက် ခိုးယူနေကြောင်း စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ပွင့်ဖြူမြို့နယ်၊ နီမဒဲကုန်း-မဲဇလီ တစ်လျောက်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများက ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ၊ ထိုသို့ စစ်ဘေးရှောင်ရန် ပြည်သူများ တိမ်းရှောင်နေသည့် ကျေးရွာများကို စစ်တပ်နှင့် ဆက်ဆံရေး အဆင်ပြေနေသော ကြံ့ဖွတ်ပါတီဝင်များက နေ့စဉ် လာရောက်ပြီး နေအိမ်အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း စစ်ဘေးရှောင် ပြည်သူများက တိုက်ပွဲအခြေအနေများကို အွန်လိုင်းပေါ် တင်မည်ကို စိုးရိမ်သောကြောင့် ပြည်သူများ၏ ဖုန်း အလုံး ၅၀ ကျော်ကို သိမ်းဆည်းသွားကြောင်း သိရှိရသည်။
“နီမဒဲကုန်း မဲဇလီ တစ်လျောက်စစ်ပွဲတွေ ဖြစ်ပွားနေတာပါ။ ဒေသ ပြည်သူတွေလည်း ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ တိမ်းရှောင်နေရတဲ့ ကျေးရွာတွေမှာ ကြံ့ဖွတ်ပါတီဝင်တွေက စစ်ဘေးမတိမ်းရှောင်ဘဲ ကျေးရွာအတွင်းက နေအိမ်တွေကို နေ့စဉ် လာရောက် ဖောက်ထွင်းနေတာ စားသောက်ကုန် ပစ္စည်းတွေနဲ့ အိမ်တွင်း အသုံးဆောင်တွေကို ဆက်တိုက် ခိုးနေပါတယ်။ ကြက်တွေကိုလည်း ခိုးယူပြီး စစ်ခွေးတွေကို ပေးဆောင်တာတွေ လုပ်နေပါတယ်။ နောက်ပြီး စစ်ခွေးတွေက ပြည်သူတွေ တိုက်ပွဲသတင်းတွေ တင်မှာ ဆိုးလို့ဆိုပြီး ပြည်သူတွေရဲ့ ဖုန်းအလုံး ၅၀ ကိုလည်း သိမ်းဆည်းသွားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၆ နာရီ ၂၄ မိနစ်က ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းမပေါ်ရှိ မဲဇလီ – ဆည်တော် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီ ၅၄ မိနစ်အထိကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ဘန်ကာ ၃ လုံးအထိဖြိုချနိုင်ခဲ့ကာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပွင့်ဖြူမြို့နယ် မဒဲကုန်းကျေးရွာ အနီး၌ မဲဇလီစခန်းကို စစ်ကူ ပေးရန်လာသောအကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး အထိနာခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီနှင့် အပေါင်းအပါများ။