25 C
Yangon

ရွှေဘိုတွင် ညောင်ကိုင်းရွာမှ ပျူစောထီး ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်၊ ပခုက္ကူတွင်လည်း စစ်မှုထမ်း တပ်သားသစ် ၂ ဦး အလင်းဝင်

Must read

ရွှေဘိုတွင် ညောင်ကိုင်းရွာမှ ပျူစောထီး ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်၊ ပခုက္ကူတွင်လည်း စစ်မှုထမ်း တပ်သားသစ် ၂ ဦး အလင်းဝင်

ရန်ကုန်၊ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ညောင်ကိုင်းရွာမှ ပျူစောထီး ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ညောင်ကိုင်းရွာမှ ပျူစောထီး ၁ ဦးသည် ကာဘိုင် သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ ကာဘိုင်ကျည် ၁၈၀ တောင့် နှင့် လက်ပစ်ဗုံး ၁ လုံး တို့ယူဆောင်လာခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ညောင်ကိုင်းရွာမှ ပျူစောထီး ၁ ဦးသည် ကာဘိုင် သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကာဘိုင်ကျည် ၁၅၄ တောင့်တို့ကို ယူဆောင်လာပြီး ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

“အလင်းဝင်လာတဲ့ ပျူစောထီး ၂ ဦးက ညောင်ကိုင်းရွာကပါ။ လောလောဆယ် တစ်ဦးကို ၂၀ သိန်းဆီ ဆုချီးမြှင့်ထားပါတယ်။ အလင်းဝင်လာတဲ့သူတွေ ထွက်လာနိုင်တဲ့နေရာအထိ ချိတ်ဆက်ခေါ်ယူရတာပါ။ လူ့အခွင့်အရေးနှင့် အညီ ကောင်းမွန်စွာထားရှိပါတယ်။ အလင်းဝင်ရောက်တာများလာရင် တော်လှန်ရေးက အချိန်ပိုမြန်သွားမှာပါ” ဟု ရွှေဘိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထိုသို့ ထပ်မံ အလင်းဝင်လိုသူ များစွာရှိသေးပြီး အလင်းဝင်ရောက်လာသူများကို ဂုဏ်ပြုဆုငွေ ထိုက်သင့် အားလျော်စွာ ချီးမြှင့်ခဲ့ပြီး လူ့အခွင့်အရေးနှင့် အညီကောင်းမွန်စွာ ထိန်းသိမ်းထားရှိကာ စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန် မြှင့်ဆောင်ရွက်နေသောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ အနေဖြင့်လည်း အမြန်ဆုံး အလင်းဝင်ရောက်ရန် လိုအပ်ပါကြောင်း၊ အချိန်မီ အလံဖြူ ထောင်နိုင်ရန် အတွက် လက်ကမ်းစာစောင်များကိုလည်း Drone ဖြင့် ကျဲချကာ ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များဖြန့်ဝေ၍ အလင်းဝင်ရောက်နိုင်ရန် ဖိတ်ခေါ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ ဌာနချုပ်မှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး အလင်းဝင်ခဲ့ကြောင်း Burma Revolution Rangers အဖွဲ့ တာဝန်ခံ ကာတွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ဌာနချုပ်တွင် တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုဆောင်းခံထားရသော ကိုနိုင်ဇော်ဦးနှင့် ကိုမင်းမင်းထွေးကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တပ်ခွဲ (၁)တပ်စိပ်( ၁) ဖြစ်တဲ့ Burma Revolution Rangers တပ်ဖွဲ့မှ သွားရောက်ခေါ်ထုတ်ခဲ့ပြီး နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၃ရက်နေ့က ဝင်လာတာပါ။ သေနတ်တော့ပါမလာဘူး။ ဒီတိုင်းပဲ အလွတ်ပြေးလာရတာပါ။ စစ်မှုထမ်း အပတ်စဥ် ၇ ကပါ။ ၂ ယောက်လုံးက စစ်ကိုင်းကပါ။ ပေါ်တာအဆွဲခံရတာပါ။ စစ်ကိုင်းမှာပဲ ခရီးသွားရင်း အစွဲခံရတာပါ။ သင်တန်းကတော့ ဟိုပုံး တပ်မတော်ကွန်ပြူတာနှင့် နည်းပညာသိပ္ပံ (တကန) မှာပါ။ လက်နက် မပါတဲ့အတွက်တော့ ဆုပေးဖို့ အစီစဥ်မရှိသေးပါဘူး။ လက်နက်ပါ လာရင်သာ ဆုချီးမြှင့်မှာပါ။ ခုတော့သူတို့ကို အကုန်စီစဥ်ပေးထားပြီးပါပြီ။ လောလောဆယ်မှာတော့ လက်နက် မပါဘဲ ဝင်လာသူတွေကိုတော့ ဆုချီးမြှင့်ဖို့ မရှိပါဘူး။ ကျွန်တော်တို့လည်း ကုန်ထားတာတွေများလို့ အလိမ်ခံရတာတွေရောရှိလို့ ငွေခက်ခဲနေလို့ပါ။ စကစ လက်အောက်ခံတွေအနေနဲ့ အသက်မသေချင်ရင် အမြင်မှန်ရကာ အလင်းဝင်ကြဖို့ နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်ခိုလှုံကြဖို့ ပြောချင်ပါတယ်”ဟု Burma Revolution Rangers တပ်ဖွဲ့ မှ တာဝန်ခံ ကာတွန်းက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ် လက်အောက်တွင်ရှိသော အရာရှိ အရာခံများ၊ တပ်သားများ၊ ရဲများ၊ ပျူစောထီးများအနေဖြင့် အကြမ်းဖက်စစ်တပ် လက်အောက်တွင် အသက်အသေမခံဘဲ အသက်ရှင်လိုပါက အခွင့်သာသည်နှင့်လက်နက်များယူဆောင်ကာ Burma Revolution Rangers တပ်ဖွဲ့တွင် ဖြစ်စေ နီးစပ်ရာ တော်လှန်ရေးအဖွဲ့များတွင်ဖြစ်စေထွက်ပြေးခိုလှုံကြဖို့ တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article