31 C
Yangon

စစ်အုပ်စုအား ကာလရှည်ထောက်ပံ့နေသည့် စင်္ကာပူကုမ္ပဏီ Interra Resources ကိုကြိုးကိုင်နေသူများ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကောင်စီအနေဖြင့် ၂၀၂၁ အကြမ်းဖက်စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း လောင်စာဆီလက်လှမ်းမှီရရှိသုံးစွဲရန် အခက်ခဲဆုံးကာလသို့ ရောက်ရှိနေကြောင်းနှင့် ယင်းအခက်အခဲကို တစိတ်တပိုင်း ဖြေရှင်းရန်အတွက် ပြည်တွင်းလောင်စာဆီချက်လုပ်သုံးစွဲခြင်းသည် ၄င်းတို့အတွက် အရေးပါသည့် လုပ်ငန်းစဥ်ဖြစ်လာပြီး အဆိုပါလောင်စာဆီထောက်ပံ့ရေးကွင်းဆက်အား စင်္ကာပူကုမ္ပဏီ Interra Resources က ၄င်း၏မြန်မာဖက်စပ်ကုမ္ပဏီ Goldpetrol မှတဆင့် ‌ထောက်ပံ့ကူညီနေကြောင်း Justice for Myanmar (JFM) က အစီရင်ခံစာထုတ်ပြန်ပြောဆိုလိုက်သည်။

Interra Resources သည် အင်ဒိုနီးရှားနိုင်ငံ ဝန်ကြီးဟောင်းနှင့် တရုတ်နိုင်ငံပိုင် စစ်လက်နက်လုပ်ငန်းစုကြီးတစ်ခုအပါအဝင် ရှယ်ယာရှင်များစွာပါဝင်သည့် နိုင်ငံရေးအရ ပတ်သက်ဆက်နွှယ်မှုရှိသည့် ကုမ္ပဏီဖြစ်သည်။

Interra Resources ကုမ္ပဏီကို Marcel Han Liong Tjia ဆိုသူက နှစ်ကာလအတော်ကြာဦးဆောင်ခဲ့ပြီး၊ ၎င်းသည် ကုမ္ပဏီ၏ စီအီးအိုနှင့် အမှုဆောင်ဒါရိုက်တာအဖြစ် ၂၀၂၃ ခုနှစ်အထိ ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည်။ ၎င်းသည် Goldpetrol နှင့် Goldwater ကုမ္ပဏီအပါအဝင် Interra Resources ကုမ္ပဏီခွဲများနှင့် ဖက်စပ်လုပ်ငန်းများ၏ ဘုတ်အဖွဲ့များတွင်လည်း ပါဝင်နေပြီး Interra Resources သည် Goldwater ကုမ္ပဏီမှတဆင့် Goldpetrol အား ပိုင်ဆိုင်ထိန်းချူပ်ထားသည်ဟု JFM က ၄င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Tija သည် ခန့်မှန်းအမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ကြွယ်ဝချမ်းသာသည့် အင်ဒိုနီးရှားနိုင်ငံ အချမ်းသာဆုံး သူဌေးတစ်ဦးဖြစ်သူ Edwin Soeryadjaya နှင့် ဝမ်းကွဲညီအစ်ကို တော်စပ်သူ ဖြစ်ပြီး Soeryadjaya သည် ၂၀၂၃ခုနှစ်အထိ Interra Resources ၏ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားကာ ကုမ္ပဏီ၏ ဘုတ်အဖွဲ့ ဥက္ကဌနှင့် ထိပ်ပိုင်းရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်ဟု JFM ကဆိုသည်။ ယင်းရှယ်ယာများကို Soeryadjaya ၏ ဦးပိုင်ကုမ္ပဏီ PT Saratoga Investama Sedaya Tbk မှတဆင့် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

Saratoga ကုမ္ပဏီကို ချမ်းသာကြွယ်ဝသော ဂျာကာတာဒုတိယမြို့တော်ဝန်ဟောင်း၊ ခရီးသွားလာရေးနှင့် ဆန်းသစ်ဖန်တီးမှုစီးပွားရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ အင်ဒိုနီးရှားနိုင်ငံရေးသမား Sandiaga Salahuddin Uno ဆိုသူကလည်း တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ပြီး၊ ၄င်းသည်ယခင်က Interra Resources ကုမ္ပဏီ၏ ဒုတိယဥက္ကဌအဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ တာဝန်ယူခဲ့သူဖြစ်သည်။

Saratoga သည် ၂၀၂၃ ခုနှစ်တွင် ၎င်း၏ ရှယ်ယာများအားလုံးကို Soeryadjaya ၏ ကာလရှည်စီးပွားရေးမိတ်ဖက်နောက်တစ်ဦးဖြစ်သူ စင်ကာပူရှေ့နေ Ng Soon Kai ထံ ရောင်းချခဲ့သည်။ ထိုရောင်းချမှုမှတဆင့် Ng Soon Kai သည် စင်ကာပူဒေါ်လာ ၅ သန်း(အမေရိကန်ဒေါ်လာ ၃.၇ သန်း) တန်ဖိုးရှိ Interra ၏ ရှယ်ယာငါးပုံတစ်ပုံကို ဝယ်ယူခဲ့ပြီး၊ ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုး ၂၇ ရာခိုင်နှုန်းနီးပါးဖြင့် ထိပ်တန်းရှယ်ယာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

Uno နှင့် Soeryadjaya တို့သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ Interra Resouces တွင် အနည်းစုရှယ်ယာရှင်များအဖြစ် ဆက်လက်ရှိနေခဲ့ပြီး၊ အထက်ပါအကြောင်းအရာများနှင့် ပတ်သက်သည့် Jutice For Myanmar ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခြင်း မရှိခဲ့ကြောင်း JFM ကထုတ်ပြန်သည်။

ထို့အပြင် China ZhenHua Oil Co. Ltd ၏ ကုမ္ပဏီခွဲ North Petroleum International Co.,Ltd. သည် အနည်းဆုံးအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ Interra Resources တွင် အဓိကရှယ်ယာရှင်တစ်ဦး ဖြစ်ခဲ့သည်ဟု ရှယ်ယာရှင်အချက်အလက်များအရ သိရသည်။ North Petroleum International Co. Ltd. သည် Goldpetrol တွင်လည်း ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

China ZhenHua Oil Co. Ltd ကုမ္ပဏီသည် China North Industries Group (NORINCO) ၏ ကုမ္ပဏီခွဲဖြစ်ပြီး NORINCO အား တရုတ်အစိုးရက အပြည့်အဝ ပိုင်ဆိုင်သည်။ NORINCO သည် မြန်မာစစ်အုပ်စု၏ အဓိက စစ်လက်နက်ရောင်းချသူ ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ကြေးနီစီမံကိန်းများ လုပ်ကိုင်နေသည်ဟု Justice for Myanmar ကဖော်ပြသည်။

Interra Resources ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကုမ္ပဏီအနေဖြင့် NORINCO နှင့် စီးပွားရေး ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း ပြောကြားခဲ့သည်။

Interra Resouces ၏ လက်ရှိ ဒုတိယအကြီးဆုံး ရှယ်ယာရှင်သည် Yang Peilin ဆိုသူပိုင်ဆိုင်သည့် ဟောင်ကောင်မှတ်ပုံတင် ပုဂ္ဂလိကကုမ္ပဏီ Poly Legend International Limited ဖြစ်ပြီး၊ ၅.၇ ရာခိုင်နှုန်းခန့်ပိုင်ဆိုင်သည်။ Yang Peilin သည် China ZhenHua Oil နှင့်လည်း ဆက်နွှယ်မှုများ ရှိနေသည်။ ၎င်းသည် တရုတ်လူသုံးကုန် ကုန်သွယ်ရေးကုမ္ပဏီ Heilongjiang United Oil & Chemicals Co., Ltd. (HUOC) တွင် ဥက္ကဌအဖြစ် ဆောင်ရွက်နေပြီး ၂၀၁၅-၁၆ ခုနှစ်အတွင်း HUOC သည် China ZhenHua Oil နှင့် မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

Interra Resources ၏ မြန်မာစီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှုဖွဲ့စည်းပုံသည် စစ်အုပ်စုနှင့် Goldpetrol ၏ လုပ်ငန်းပတ်သက်မှုအတွင်း ဗဟားမက်စ် နှင့် ဗြိတိသျှဗာဂျင်ကျွန်းစုများနှင့်လည်း ဆက်နွှယ်နေသည်။ Goldpetrol သည် ဗဟားမက်စ်တွင် မှတ်ပုံတင်ထားပြီး၊ မြန်မာကုမ္ပဏီကို ရုံးခွဲတစ်ခုအဖြစ် ဖွင့်လှစ်ထားသည်။ Goldpetrol ရှိ Interra Resouces ၏ ရင်းနှီးမြှုပ်နှံမှုများကို ယူကေနိုင်ငံရပ်ခြားပိုင်းနက်နယ်မြေဖြစ်သည့် ဗြိတိသျှဗာဂျင်ကျွန်းစုများရှိ ၎င်းတို့၏ ဦးပိုင်ကုမ္ပဏီ Goldwater Company Limited မှတဆင့် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

NORINCO နှင့် Yang Peilin တို့သည် Justice For Myanmar ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ကြောင်း JFM ကဆိုသည်။

စင်္ကာပူကုမ္ပဏီ Interra Resources အနေဖြင့် စစ်အုပ်စုထံ ရေနံများ ရောင်းချထောက်ပံ့နေမှုကို ချက်ချင်းရပ်တန့်ရန် Justice For Myanmar က တောင်းဆိုလိုက်ပြီး MOGE နှင့် စီးပွားရေး ဆက်လက်လုပ်ဆောင်မှု၊ ရေနံဆီရောင်းချ ထောက်ပံ့မှုမှတဆင့် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သတ်မှုများအတွက် Interra Resources အား စည်းမျဉ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်သင့်ကြောင်းကိုလည်း စင်ကာပူစတော့အိတ်ချိန်းအား တောင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article