ဘီးလင်းမြို့နယ်၊ မဲပလီ စခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး ထပ်မံ ဖမ်းဆီးရရှိ၊ လွတ်မြောက်နေသော စစ်တပ်၏ ဗျူဟာမှူးနှင့်တပ်ရင်းမှူး ဖမ်းမမိသေး
မဲပလီစခန်းမှ ဖမ်းဆီးရရှိသော စစ်သုံ့ပန်း စုစုပေါင်း ၅၂ ဦး အထိရှိလာ
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီ စခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးကို ဖမ်းဆီးရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘီးလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက် ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်သား ၄၀ ဦးခန့်သေဆုံးခဲ့ပြီး ဒုဗိုလ်မှူးကြီးတင့်လွင်ဦး၊ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုင်းသူရဌေး အပါအဝင် စစ်သားများမှာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ ထွက်ပြေးသွားသော စစ်သားများအနက်မှ ၂၅ ဦးကို ပြန်လည် ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
“စစ်သား ၁၉ ဦးကို အရင်မိတယ်။ မနေ့က ၆ ဦး ထပ်မိတယ်။ စုစုပေါင်း ၂၅ ဦးမိပါတယ်။ အဲဒီအထဲမှာ အရာရှိကြီးတွေ ပါတယ်လို့ သတင်းမရပါဘူး။” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စခန်းသိမ်းပိုက်ခဲ့စဉ်က စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးသော်တာ အပါအဝင် စစ်သုံ့ပန်း ၂၇ ဦးဖမ်းဆီးရခဲ့သဖြင့် လက်ရှိအချိန်အထိ ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း အရေအတွက် ၅၂ ဦးရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၇ စစ်ဗျူဟာ၊ တပ်ရင်းများမှ သူရိယစစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်းတပ်ဖွဲ့ဝင်များ၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း အပါအဝင် KNLA၊ PDF၊ BPLA၊ FFDဒရုန်းအဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ ပါဝင်ခဲ့ပြီး စစ်ကောင်စီ၏ မဲပလီဗျူဟာစခန်းကုန်းကို ၁ လအတွင်းအောင်မြင်စွာအပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ ဗျူဟာမှူးနှင့်တပ်ရင်းမှူးတို့မှာ ပြည်သူများကို ဖိနှိပ် ရိုက်နှက်သတ်ဖြတ်ခဲ့သူများ ဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင်လည်း ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး၊ ဗိုလ်ကြီးကမ်းဒိုးဟောက်၊ ဒုတပ်ကြပ် နေမျိုး၊ တပ်သား သန်းစိုးအောင် တို့က အရက်သေစာသောက်စားမူးယစ်ရမ်းကားပြီး မဲပလီရွာ သား အမျိုးသမီးတစ်ဦး အပါအဝင် ၈ ဦးကို အကြောင်းမဲ့ အပြင်းအထန်ရိုက်နှက်ပြီး မဲပလီဗျူဟာထဲသို့ခေါ်ဆောင်သွားပြီး ဗျူဟာဓမ္မာရုံတွင် ဆေးကုသပေးခြင်းမရှိဘဲ ပစ်ထားခဲ့ကြောင်း သိရှိရသည်။
ဒုတိယဗိုလ်မှူးကြီးစိုင်းသူရဌေး၏ရိုက်နှက်မှုကြောင့် မဲပလီရွာသား ကိုစိန်ဝင်းမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ သေ ဆုံးသွားခဲ့ကြောင်း၊ ဒုဗိုလ်မှူးကြီးစိုင်းသူရဌေးက မဲပလီရွာမှအမျိုးသမီး ၂ ဦးကိုလည်း ခြိမ်းခြောက် အတင်းအဓမ္မအနိုင်ကျင့်စေ ခိုင်းခဲ့သည့်ဖြစ်စဉ် လည်းရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများနှင့် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများထံမှ လက်နက်ခဲယမ်းများ။
![](https://yktnews.com/wp-content/uploads/2025/02/475480820_986871876873752_3525975401534391143_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476162933_986871943540412_3480414981270091304_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476837292_986871820207091_8444608549327697387_n.jpg)