စစ်ကြောင်းအင်အား ၃၆၀ ဦးဖြင့် ကံမြင့်ကန်ဒေသသို့ ချီတက်လာခဲ့သော်လည်း စစ်သား ၃၀၀ နီးပါးသေဆုံးဒဏ်ရာရရှိပြီးနောက် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ် နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က အရှင်ဖမ်းမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် ကံမြင်ကန်နှင့် ဂုတ်စည်းရိုးတိုက်ပွဲတွင် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်မှ ယာယီ နည်း ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က အရှင်ဖမ်းဆီးရရှိကြောင်း AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဂုတ်စည်းရိုးတိုက်ပွဲတွင် ၎င်းကို ခြေထောက်ဒဏ်ရာနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သည် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်၊ အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့မှ ဖြစ်ကြောင်း သိရှိရသည်။
အမှတ် ၉၉၂ နည်းဗျူဟာမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် ဦးဆောင်သော အင်အား ၃၆၀ ပါ စစ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့ ရမည်းသင်းမှ အမ်း-ပဒါန်းလမ်းပိုင်းသို့ ထွက်လာခဲ့ကြောင်း၊ ယင်းနောက် ကံမြင့်ကန်ဒေသ ဝန်းကျင်ကို လမ်းကြောင်းထိန်းသိမ်းရေး ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြား စေလွှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ကံမြင့်ကန်ဒေသသို့ ရောက်ရှိခဲ့ပြီး AA က အမှတ် ၄၁၉ စစ်ကြောင်းများ တည်ရှိရာ နယ်ခြားဘုရားကုန်း စေတီကို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ကံမြင့်ကန် အနီးမှာ ရှိတဲ့ ကိုင်းငုန်းကို ထပ်မံတိုက်ခိုက်ခံခဲ့ရပြီး ပွိုင့် ၁၄၅၅ တောင်ကုန်းကို ဆုတ်ပေးခဲ့ရကြောင်း သိရှိရသည်။
စစ်ကြောင်း စတင် စစ်ထွက်လာချိတွင် အင်အား ၃၆၀ ကျော်ရှိပြီး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် ဒဏ်ရာရချိန်တွင် အင်အား ၇၀ ကျော်သာ ကျန်ရှိတော့ကြောင်း၊ စစ်အင်အား အများဆုံးစုမှ သေဆုံးခဲ့ပြီး ဒဏ်ရာရအင်အားလည်း များပြားကြောင်း၊ ထို့ပြင် ပျောက်ဆုံးသူအင်အားများလည်းရှိကြောင်း၊ ဒဏ်ရာရရှိသူ ၁၀၀ နီးပါးရှိခဲ့ပြီး ဆေးရုံမပို့နိုင်သဖြင့် သေဆုံးသူများလည်းရှိကြောင်း၊ ဒဏ်ရာရရှိသူများကို ကံမြင့်ကန်ဒေသမှ ဂုတ်စီးရိုးသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ဂုတ်စီးရိုးမှတစ်ဆင့် ပဒါန်းတပ်နယ်သို့ စစ်ယာဉ်တန်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ဇန်နဝါရီလ ၃၁ ရက်နေ့ ဂုတ်စီးရိုးဒေသကို အာရက္ခတပ်တော်AA တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ဒုတိယဗိုလ် မှူးကြီး ကျော်ကျော်သက်နှင့် အင်အား ၂၀ ဦးခန့်ဖြင့် ဂုတ်ကြီးဒေသသို့ ဆုတ်ခွာခဲ့ကြောင်း၊ ၃ ရက်ခန့် ဆုတ်ခွာပြီးနောက် ပွိုင့် ၁၃၉၉ နေရာတွင် အခြေပြုရင်း ဒဏ်ရာရရှိပြီး AA ထံတွင် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်သုံ့ပန်း ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်သည် ၁၉၉၈ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင် တန်း အမှတ်စဉ် ၄၃ ကို တက်ရောက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/476823589_987767326784207_5951701329197131556_n.jpg)