တောင်ငူမြို့တွင် လူငယ်များကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပျူစောထီး ခေါင်းဆောင် အောင်ကို ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် လူငယ်များကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပျူစောထီး ခေါင်းဆောင် အောင်ကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တောင်ငူမြို့ ထီးလှိုင် ၁ ရပ်ကွက်တွင် နေထိုင်သော ပျူစောထီး ခေါင်းဆောင် ဝတုတ်(ခ) အောင်ကို ကို တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြပြောက်ကျားတပ်ဖွဲ့မှ သွားရောက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် အောင်ကိုသည် ပျူစောထီး သင်တန်းဆင်းများကို စီမံခန့်ခွဲ၍ လက်နက်များကို ရောင်းချခြင်း၊ မြို့ထဲနှင့် ရပ်ကွက် ရပ်ရွာများကို ကိုယ်တိုင်ကွင်းဆင်းကာ လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းရန် ဖမ်းဆီးခြင်း၊ ဖမ်းဆီးခံရသည့် လူငယ်များထံမှ မတန်တဆ ငွေတောင်းခံခြင်း၊ စစ်ကောင်စီမှ ဖမ်းဆီးထားသော တော်လှန် ပြည်သူများအား စစ်ကြောရေးတွင် ကိုယ်တိုင်ပါဝင်ကာ ရိုက်နှက်စစ်ဆေးခြင်းများကို ပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။
“သူ့ရဲ့ လုပ်ရပ်တွေကို ပြည်သူတွေကလည်း တိုင်ကြားမှုများတယ်။ တောင်ငူမြို့ အထူးမြို့ပြပြောက်ကျားတပ်ဖွဲ့ကလည်း အကြိမ်ကြိမ်လေ့လာစောင့်ကြည့်ပြီး ဝတုတ် (ခ) အောင်ကို ကို ပစ်ခတ် တိုက်ခိုက်ခဲ့တာ ပွဲချင်းပြီး သေဆုံးသွားတယ်။ ဆက်လက်ပြီး ပျူစောထီးတွေ စစ်တပ် အလိုကျ လုပ်ဆောင်နေသူတွေကို တိုက်ခိုက်သွားမယ်လို့ သတိပေးချင်တယ်” ဟု တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
တောင်ငူမြို့ အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီ အလိုကျ ပြည်သူများကို စစ်မှုထမ်းရန် အတင်းအဓမ္မလိုက်လံဖမ်းဆီးအနိုင်ကျင့်နေသော အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် သတင်းပေး ဒလန်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
![](https://yktnews.com/wp-content/uploads/2025/02/476609859_987837163443890_6632663974235345909_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477479154_987876053440001_4190137864657272327_n.jpg)