26 C
Yangon

ပြင်ဦးလွင်နှင့် သာယာဝတီခရိုင်တွင် စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် လူဦးရေ ၅၀၀ ကျော် ကြိုတင်စုဆောင်းထားရန် ထွေ/အုပ်က ညွှန်ကြားထား

Must read

ပြင်ဦးလွင်နှင့် သာယာဝတီခရိုင်တွင် စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် လူဦးရေ ၅၀၀ ကျော် ကြိုတင်စုဆောင်းထားရန် ထွေ/အုပ်က ညွှန်ကြားထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နှင့် ပဲခူးတိုင်း သာယာဝတီခရိုင်တွင် စစ်မှုထမ်းစဉ် ၁၁ အတွက် လူငယ် ၅၀၀ ကျော်ကို ကြို တင်စုဆောင်းထားရန် ခရိုင် ထွေ/အုပ်က ညွှန်ကြားထားကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသိုင်းအ၀ိုင်းထံမှ သိရသည်။

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၈ မှ အုပ်ချုပ်ရေးမှူး သန်းဝင်းလှိုင်က စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူငယ် ၂၀၀ ဦးကို အကြမ်းဖက် စစ်တပ်က စုဆောင်းခိုင်းထားကြောင်း ရပ်ကွပ်အတွင်း နေထိုင်သူများကို လိုက်လံပြောဆိုနေပြီး စစ်မှုထမ်း လူငယ်များကို ကြိုတင် စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး သန်းဝင်းလှိုင်က ရပ်ကွက်အတွင်း လူငယ် ၅၀ ဦးကို လစဉ် စစ်မှုထမ်း တပ်သားသစ် အဖြစ် ပို့ဆောင်နေရာမှ လာမည့် စစ်မှုထမ်းအပတ်စဉ် ၁၁ မှစ၍ လူငယ် ၂၀၀ ဦးကို ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အုပ်ချုပ်ရေးမှူး သန်းဝင်းလှိုင်၏ ဖမ်းဆီးမှုများကြောင့် ရပ်ကွက်နေ လူငယ် အများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ပြင်ဦးလွင် ရပ်ကွက်ကြီး ၈ က အုပ်ကြီး သန်းဝင်းလှိုင်က တော်တော်ဆိုးနေတယ်။ အပတ်စဉ် တစ်ခုကို လူငယ် ၅၀ ဦးနှုန်း ပေးပို့နေရာကနေ အခုလာမယ့် အပတ်စဉ် ၁၁ အတွက် လူငယ် ၂၀၀ ဦးကို ပေးပို့သွားမယ်ဆိုပြီး ရပ်ကွက်အတွင်းမှာ လိုက်လံပြောဆိုနေပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးက အရမ်းဆိုးပါတယ်။ သူကြောင့် ပြေးလွှားနေရတဲ့ လူငယ်တွေ ရပ်ကွက်ထဲမှာ အများကြီးပဲ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ သာယာဝတီခရိုင် အတင်းရှိ မြို့နယ်များကိုလည်း ခရိုင် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တစ်မြို့နယ်လျှင် လူဦးရေ ၄၀ ဦး ကြိုတင် စုဆောင်းထားရန် ညွှန်ကြားထားကြောင်း သာယာ၀တီခရိုင်အတွင်းမှ မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။

သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ် ၊ လက်ပံတန်းမြို့နယ် မင်းလှမြို့နယ် ၊ အုတ်ဖိုမြို့နယ် ၊ မိုးညိုမြို့နယ် ၊ ကြို့ပင်ကောက်မြို့နယ် ၊ နတ်တလင်းမြို့နယ်နှင့် ဇီးကုန်းမြို့နယ် တို့မှ စစ်မှုထမ်းရန် လူငယ် ၃၀၀ ကျော်ကို စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် ကြိုတင် စုဆောင်းထားရန် ခရိုင် ထွေ/အုပ်က ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင်လည်း အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ဟန်မင်းဇော်က ရပ်ကွက် လုံခြုံရေးဟုဆိုကာ တစ်လလျှင် ငွေကျပ် ၅၀၀၀ လိုက်လံကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလပိုင်းမှ စတင်၍ သမိုင်းမြို့သစ် ၂ လမ်း၊ ၁ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ဟန်မင်းဇော် က ရပ်ကွက်လုံခြုံရေးဟုဆိုကာ ၁ လလျှင် ငွေကျပ် ၅၀၀၀ လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ရွာသစ်ရပ်ကွက်တွင် ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးဝင်းမြင့်က တောင်သူထောင်သားများ ပဲနှုတ်ချိန်တင် လုံခြုံရေး အေးချမ်းစွာ လုပ်ဆောင်နိုင်ရန်ဟုဆိုကာ ငွေကျပ် ၅၀၀၀၀ လစဉ် ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလပိုင်းကနေစပြီး အိုးသည်ကုန်းမြို့၊ ရွာသစ်ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးဝင်းမြင့်က တောင်သူထောင်သားများ ပဲနှုတ်ချိန်တင် လုံခြုံရေး အေးချမ်းစွာ လုပ်ဆောင်နိုင်ရန်ဟုဆိုကာ ငွေကျပ် ၅၀၀၀၀ လစဉ်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ အသက် ၃၅ နှစ် မှ ၅၅ နှစ် အတွင်းရှိ ပြည်သူများကိုလည်း ကျေးရွာအတွင်း ကင်းစောင့်ရန် လူစာရင်းကောက်ခံလျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- မန္တလေးတွင် ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲစဉ် ဖမ်းဆီးခံထားရသော လူငယ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article