ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်း၊ မုံရွာ၊ချောင်းဦးနှင့်ဆားလင်းကြီးတို့တွင် ယမန်နေ့ ညပိုင်းမှစတင်၍ ယနေ့ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ် လေယာဉ်ဖြင့် ဗုံးကျဲမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ စက်တပ်လေထီးများဖြင့် တိုက်ခိုက်မှုတို့ကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၆ ဦး သေဆုံးကြောင်း ချောင်းဦးဆရာတော်၏ မိန့်ကြားချက်နှင့် စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက် – SSN မှ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညပိုင်းမှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မုံရွာမြို့နယ်တောင်ခြမ်းနှင့် ချောင်းဦးမြို့နယ်အနောက် ခြမ်းနေရာများကို စစ်တပ်က Y12 လေယာဉ် ဖြင့် ၉ ကြိမ် ဗုံး အလုံး ၃၀ ကျဲချတိုက်ခိုက်ခဲ့ ကြောင်း၊ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နံနက်ပိုင်းတွင်လည်း မုံရွာမြို့နယ်တောင်ခြမ်းနှင့် ဆားလင်းကြီး မြို့နယ်အတွင်းရှိနေရာများကို Y-12 လေယာဉ်ဖြင့် ဗုံး ၉ ကြိမ်၊ စုစုပေါင်း ဗုံးသီး ၄၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“သတင်းရထားသလောက်က သေဆုံးသူ ၁၄ ဦးရှိပါပြီ။ ညောင်ဖြူပင်ရွာမှာက ၃ ဦး၊ သစ်စိမ့်ရွာက ၅ ဦး၊ ဘုဘရွာက ၂ ဦး ၊ ကုလားကြီးစစ်ရှောင်စခန်းက ၃ ဦး၊ ကိုးရှင်းကျွန်းရွာက ကလေးငယ် ၁ ဦးသေ ပါတယ်၊ ဒဏ်ရာရသူပြည်သူ ၁၅ဦးခန့်ရှိပါတယ်။ ၅ နာရီ ၄၅ မိနစ်နောက်ပိုင်းမကြဲတော့ပါဘူး။” စစ် ကိုင်း တိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက် – SSN မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီသည် လူအများအိပ်စက်အနားယူချိန်ညပိုင်းနှင့်နံနက်အစောပိုင်းအချိန်တို့ ကို တမင်ရည်ရွယ်ချက်ရှိရှိရွေးချယ်ကာ ပြည်သူလူထုနေထိုင်ရာ နေအိမ်များ၊ စစ်ရှောင်စခန်းများကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကာ စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက် – SSN က ထုတ်ပြန်ထားသည်။
အလားတူ ယနေ့မွန်းလွဲပိုင်း မုံရွာမြို့နယ်နှင့်ချောင်းဦးမြို့နယ်အတွင်းရှိ ညောင်ဖြူပင်နှင့်ညောင်ပင်သာ ကျေးရွာတို့ကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ရာ ကလေး ၁ ဦးနှင့် လူကြီး ၁ ဦး သေဆုံးကြောင်း ချောင်းဦးဆရာတော်က မိန့်ကြားသည်။
“ညောင်ဖြူပင်ကတော့ မုံရွာနယ်က ၊ ညောင်ပင်သာက ချောင်းဦးနယ်မှာပါတယ်။ အဲဒါ စစ်တပ်က စက်လေထီးတွေနဲ့ ပစ်ခတ်တာ ကလေး ၁ ဦးနဲ့ လူကြီး ၁ ဦး သေဆုံးပါတယ်” ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။
အကြမ်းဖက်စစ်ကောင်စီက မုံရွာ၊ ဆားလင်းကြီးနှင့် ချောင်းဦးမြို့နယ်များသို့ ဦးတည်သော တိုက်ခိုက်မှုများကြောင့် လတ်တ လော ပြည်သူထောင်ပေါင်းများစွာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

