35 C
Yangon

မြန်မာစစ်တပ်ထံသို့​ ရေနံစည် သန်းချီ ရောင်းချခဲ့သော စစ်ရာဇဝတ်မှု ကြံရာပါ စင်ကာပူ Interra Resources ကို အရေးယူပေးရန် အရပ်ဘက်အဖွဲ့များတောင်းဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မြန်မာစစ်အုပ်စု၏ စစ်ရာဇဝတ်မှုများတွင် Interra Resources က ကြံရာပါ ပတ်သက်မှုနှင့် ပတ်သက်၍ အရေးယူပေးရန် စင်ကာပူအစိုးရနှင့် စင်ကာပူစတော့အိတ်ချိန်း ခေါင်းဆောင်များကို မကွေးအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၊ လူထုတိုက်ပွဲကော်မတီများ၊ သမဂ္ဂများ စုစုပေါင်း ၂၀ ဖွဲ့တို့က ယနေ့ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သော Interra Resources သည် အကြမ်းဖက် စစ်တပ်၏ တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်း Gold petrol Joint Operating Company Inc. ရှိ ၎င်းတို့၏ ၆၀​​ ရာခိုင်နှုန်း ပိုင်ဆိုင်မှုမှတစ်ဆင့် မြန်မာစစ်အုပ်စုထံသို့ ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်းကျော်ကို ရောင်းချပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်းကျော်သည် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိပြီး အဆိုပါရေနံများသည် အရပ်သားပြည်သူ များအပေါ် ဆိုးဝါးပြင်းထန်သည့် ရက်စက်ကြမ်းကြုတ်မှုကြီးများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်တပ် ၏ စစ်ဆင်ရေးများအတွက် လောင်စာဆီဖြည့်သွင်းရာတွင် အဓိကကျကြောင်း၊ ထို့ကြောင့် Interra Resources သည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်နေခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ပြောသည်။

“စစ်အုပ်စုက ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် လိုအပ်တဲ့ လောင်စာဆီတွေကို Interra Resources က ရောင်းချထောက်ပံ့နေမှုကို ချက်ချင်းရပ်တန့်ဖို့ ဖြစ်ပါတယ်။ စင်ကာပူအစိုးရနဲ့ စင်ကာပူစတော့အိတ်ချိန်းအနေနဲ့ Interra Resources အပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့နဲ့ စတော့အိတ်ချိန်းမှ ဖြုတ်ချခြင်း၊ စစ်ရာဇဝတ်မှုတွေမှာအားပေးကူညီမှုအတွက် တာဝန်ခံစေခြင်း အပါအဝင် လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုခြင်း ဖြစ်ပါတယ်” ဟု အရပ်ဘက်အဖွဲ့များကိုယ်စား ပြောရေးဆိုခွင့်ရှိသူ မတမာက ပြောဆိုသည်။

စစ်တပ်၏ အကြမ်းဖက်စစ်ဆင်ရေးများတွင် အသုံးပြုသော စစ်လေယာဉ်များ၊ တင့်ကားများနှင့် ထရပ်ကားများ မောင်းနှင်ရန် စင်ကာပူကုမ္ပဏီက စွမ်းအင်ဖြည့်ပေးခဲ့ကြောင်း၊အကြမ်းဖက်မှုများကြောင့် ကလေးသူ ငယ်များအပါအဝင် လူထောင်ပေါင်းများစွာအား သေဆုံးစေခဲ့ပြီး၊လူပေါင်း ၃ သန်းကျော်အား နေရပ်စွန့် ခွာ တိမ်းရှောင်စေခဲ့ကာ ယင်းလုပ်ရပ်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန် သော ရာဇဝတ်မှုများ မြောက်ကြောင်း သိရှိရသည်။

ထို့ကြောင့် စင်ကာပူအစိုးရနှင့် စင်ကာပူစတော့အိတ်ချိန်း အနေနှင့် Interra Resources က မြန်မာစစ်အုပ်စုထံ ရေနံစိမ်းထောက်ပံ့မှုကို ချက်ချင်းရပ်တန့်စေရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် နောက်ထပ်ကြံရာပါပတ်သက်မှုမရှိစေရေး ကာကွယ်သည့် အနေဖြင့် Interra Resources အား စင်ကာပူစတော့အိတ်ချိန်းမှ စာရင်းပယ်ဖျက်ရန်၊ Interra Resources ၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းဆောင်ရွက်မှုများအပေါ် စနစ်တကျ စုံစမ်းစစ်ဆေးရန်အပါအဝင် စစ်ရာဇ ဝတ် မှုတွင် အားပေးကူညီခဲ့ခြင်းတို့အတွက် ရာဇဝတ်ကြောင်းအရ အရေးယူတာဝန်ခံစေရန် တောင်းဆိုထားသည်။

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် မြန်မာစစ်တပ်က တရားမဝင် ထိန်းချုပ်ထား သည်ဖြစ်ရာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုများအတွက် ရာဇဝတ်ကြောင်းအရ အရေးယူတာဝန်ခံစေရန်၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း​ (MPE) နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးဘဏ် (MICB)၊ မြန်မာ့စီးပွားရေးဘဏ် (MEB) တို့အပါအဝင် စစ်အုပ်စုထိန်းချုပ်ဘဏ်များအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ဆက်လက် တောင်းဆိုထားသည်။

ထို့ပြင် အာဆီယံအဖွဲ့ဝင်နှင့် လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာသည့် နိုင်ငံတစ်ခုဖြစ်သော စင်ကာပူနိုင်ငံအနေဖြင့် စင်ကာပူအာဏာပိုင်နယ်မြေအတွင်းရှိ ကုမ္ပဏီများကို မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ်မှုကြီး များ ကျူးလွန်ရာတွင် ပံ့ပိုးကူညီပါဝင်ခြင်း မရှိစေရန် လုပ်ဆောင်ရမည့် သီးခြားတာဝန်တစ်ရပ် ရှိကြောင်း၊ Interra Resources အပေါ် ပြတ်သားသည့် အရေးယူဆောင်ရွက်မှု လုပ်ဆောင်ခြင်းသည် စင်ကာပူနိုင်ငံ ၏ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာဆောင်ရွက်မှု၊ ကော်ပိုရိတ်တာဝန်ခံမှုအတွက် သာဓက ကောင်း တစ်ခုကို ပြသနိုင်မည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက စုပေါင်းတောင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article