အခြေခံ စစ်ပညာ သင်တန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားများ စစ်မှု ထမ်းရန် အလှည့်ကျလျှင် စစ်တပ်ထဲသို့ တိုက်ရိုက်ဝင်ရောက် စစ်မှုထမ်းရမည်
အကြမ်းဖက် စစ်ကောင်စီက စစ်သင်တန်းပေးနေသည့် တက္ကသိုလ်ကျောင်း သား များအနေဖြင့် စစ်မှုထမ်းရန် အလှည့်ကျလျှင် စစ်တပ်ထဲသို့ ဝင်ရောက် စစ်မှုထမ်းရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့်တိုက်ရိုက်ပတ်သက်နေသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အကြမ်းဖက် စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံ စစ်ပညာနှင့်တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်း သားကျောင်းသူနှင့် ဆရာ၊ ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေးနေရာတွင် ယင်းသင်တန်းသို့ တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသားအနေဖြင့် စစ်မှုထမ်းရန် အလှည့်ကျပါက စစ်မှုထမ်းသင် တန်း တက်ရန်မလိုဘဲ တိုက်ရိုက်စစ်တပ်ထဲတွင် စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ အကယ်၍ စစ်မှုမထမ်းလိုသေးပါက ယာယီအားဖြင့် ရွှေ့ဆိုင်းခွင့် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။
” စစ်မှုထမ်းအလှည့်ကျလာရင်တော့ တက္ကသိုလ်ကျောင်းသားပဲဖြစ်ဖြစ်၊ အလုပ်သမားပဲဖြစ်ဖြစ် ဆင့်ခေါ်ခံရမှာဖြစ်ပါတယ်။ အခုမြို့နယ်ကနေ စစ်မှုထမ်းစာရင်းထဲကနေ အလှည့်ကျ သတ်မှတ်ပြီး ခေါ်နေတာပါ။ တက္ကသိုလ်ကျောင်းသားတွေနဲ့ အလုပ် သမားတွေက ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ စစ်မှုထမ်းကာလ ရွှေ့ဆိုင်းခွင့် လျှောက်ထားရင်တော့ မြို့နယ်က အတည် ပြု ပြီး ရွှေ့ဆိုင်းခွင့်ပြုပေးတာရှိပါတယ်။ အခု တက္ကသိုလ်လေ့ကျင့်ရေးတပ်ရဲ့ စစ်သင်တန်းတက်ရောက်နေတဲ့ တက္ကသိုလ်ကျောင်း သားတွေအနေနဲ့ကတော့ စစ်မှုထမ်းဖို့ အလှည့်ကျလာရင်တော့ စစ်မှုထမ်းသင်တန်းတက်စရာမလိုတော့ဘဲ တိုက်ရိုက် တပ်မတော်မှာ အမှုထမ်းရမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ဆီမှာ တာဝန်ထမ်းဆောင်ရုံပဲ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့်တိုက်ရိုက်ဆက်ဆံနေရသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စစ်တပ်က စစ်သင်တန်းများ ဖွင့်လှစ်ပို့ချနေရာတွင် ချက်ချင်း စစ်မှုထမ်းရန် မလိုအပ်ဟုဆိုကာ စစ်တပ်က ပြောဆိုစည်းရုံး စစ်သင်တန်းတက်ခိုင်းခဲ့ခြင်ဖြစ်ကြောင်း သင်တန်းတက်ရောက်နေသော တက္ကသိုလ်ကျောင်းသားတချို့က ဆိုကြသည်။
အခြေခံစစ်ပညာသင်တန်း တက်ရောက်နေသည့် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများသည် စစ်တပ် ၏ အရန်တက္ကသိုလ် လေ့ ကျင့်ရေးတပ်ဖွဲ့ဝင်များအဖြစ်လည်း သတ်မှတ်ခံရမည်ဖြစ်ပြီး တပ်ဖွဲ့ဝင်များအနေဖြင့် ပုံမှန် စစ်မှု ထမ်းရန် အလှည့်မကျသည့်တိုင် စစ်တပ်က အချိန်မရွေး တိုက်ရိုက် ခေါ်ယူစစ်မှုထမ်းခိုင်းနိုင်ကြောင်း သိရှိရသည်။
“တပ်မတော်ရဲ့ အရန်အင်အားထဲမှာ စစ်မှုထမ်းဟောင်းတွေပါတယ်။ ဖောင်ကြီးတက်ရောက်ပြီးသား အစိုးရအရာရှိတွေပါတယ်။ တက္ကသိုလ် လေ့ကျင့်ရေးတပ်တွေပါတယ်။ အရန်အင်အားတပ်ဆိုတာက အချိန်မရွေး တပ်မတော်က အလိုရှိရင် တိုက်ပွဲဝင်ဖို့ ခေါ်ယူလို့ရတယ်။ ဒါက သက်ဆိုင်ရာ တပ်မတော်အက်ဥပဒေတွေမှာလည်း ပြဋ္ဌာန်းထားပြီးသားဖြစ်ပါတယ်” ဟု စစ်မှုထမ်း ဟောင်းအရာရှိတစ်ဦးက ရှင်းပြသည်။
တက္ကသိုလ်ကျောင်းသားကျောင်းသူများကို စစ်သင်တန်းပေးနေသည့် စစ်ကောင်စီ က လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်ပြီး အခြေခံပညာကျောင်းများတွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မိတ်ဆက်သင်ကြားခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။
![](https://yktnews.com/wp-content/uploads/2025/02/480255641_990904609803812_5023439994149649312_n.jpg)