မြ၀တီမြို့နယ်၊ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ ကျောက်ခက်ဒေသတွင် အဆောက်အအုံအသစ်များစွာ အရှိန်အဟုန်ဖြင့် ဆက်လက် တည် ဆောက်နေဆဲ
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ ကျောက်ခက်ဒေသတွင် အဆောက်အအုံအသစ်များစွာကို အရှိန်အဟုန်ဖြင့် ဆက်လက် တည်ဆောက်နေဆဲဖြစ်ကြောင်း ယင်းဒေသအတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့်ရရှိခဲ့သော ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ ထိုင်းအစိုးရက မြ၀တီမြို့နယ်အတွင်းရှိ ကျား ဖြန့် လုပ်ငန်းများကို နှိမ်နင်း တိုက်ဖျက်ရေးအတွက် မြန်မာဘက်အခြမ်းသို့ လျှပ်စစ်မီးနှင့်လောင်စာဆီ ဖြတ်တောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျောက်ခက်ဒေသအတွင်းသို့ လူကုန်ကူးခံရသော နိုင်ငံခြားသား ၂၆၁ ဦးကို DKBA က ထိုင်းအာဏာပိုင်များထံ သို့ ပြန် လည် လွှဲပြောင်းပေးခဲ့ပြီး ကျားဖြန့်ဂိုဏ်းများကို လက်ခံမည်မဟုတ်ကြောင်း DKBA ခေါင်းဆောင်များက ထုတ်ဖော် ပြောဆိုခဲ့ကြကြောင်း၊ သို့ရာ တွင် လက်ရှိ အချိန်အထိ ကျောက်ခက်ဒေသရှိ ကျားဖြန့်ဂိုဏ်းများ အခြေစိုက် ဇုန်နယ်မြေများတွင် အဆောက်အအုံသစ်များစွာ အရှိန်အဟုန်ဖြင့် ဆက်လက် တည်ဆောက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“ကျောက်ခက်ထဲမှာတော့ အဆောက်အအုံအသစ်တွေအများကြီးပဲ ဆောက် လုပ်နေတာ။ ဘိလပ်မြေ သိုလှောင်တဲ့ဂိုဒေါင်တွေ၊ စက်ရုံသေးလေးတွေပါ ဖွင့်ပြီး ဒီအဆောက်အဦးနဲ့ လမ်းခင်းတာတွေ လုပ်နေတာ။ အဲဒီအဆောက်အအုံသစ် ဆောက်နေတဲ့ နေရာတွေက ကျားဖြန့်တွေ အခြေစိုက်တဲ့ နေရာတွေပဲ။ ဆောက်နေတဲ့ အဆောက်အအုံတွေကလည်း ရွှေက္ကိုလ်မှာလို တိုက်တန်းလျားအတွဲကြီးတွေ ဆောက်နေတာ။ အဆောက်အအုံသစ်တွေဆီ သွားမယ့် လမ်းတွေလည်း ခင်းနေတုန်းပဲ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် အဆောက်အအုံ တည်ဆောက်မှု လုပ်ငန်းခွင်များသို့ ထိုင်းနိုင်ငံနံပါတ် တပ်ဆင်ထားသော ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်းတင်ကားကြီးများလည်း ဝင်ထွက်နေဆဲဖြစ်ပြီး ထိုင်းအစိုးရက လုပ်ဆောင်နေသော ကျားဖြန့် နှိမ်နင်းရေး လုပ်ငန်းများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ တစ်စုံတစ်ရာ ထိခိုက်သည့်ပုံစံမရှိကြောင်း ယင်းဒေသအတွင်း လှည့်လည်ကြည့်ရှုခဲ့သည့် ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။
လက်ရှိအချိန်အထိ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသအတွင်းတွင် ကျားဖြန့် ငွေလိမ်ဂိုဏ်းများ ဆက်လက် လည်ပတ်နေဆဲဖြစ်သည့်အပြင် ပိတ်လှောင် ညှဉ်းပန်းနှိပ်စက် အလုပ်ခိုင်းခံနေရသည့် နိုင်ငံခြားသားများစွာ ရှိနေဆဲဖြစ် ကြောင်း၊ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ် သတင်းပေးပို့လာမှုများအရ သီရိလင်္ကာနိုင်ငံသားတချို့ အပါအဝင် လူကုန်ကူးခံထားရသော နိုင်ငံ ခြားသားများမှာ ကျားဖြန့်ဂိုဏ်းများတွင် ဆက်လက် ပိတ်လှောင် ညှဉ်းပန်း နှိပ် စက်ခံနေရဆဲဖြစ်ကြောင်း သိရှိရသည်။


