အကြမ်းဖက် စစ်ကောင်စီနှင့် ဆွေးနွေးရန် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သော TNLA ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိ
တရုတ်အစိုးရ၏စီစဉ်ချက်အရ အကြမ်းဖက် စစ်ကောင်စီနှင့် ဆွေးနွေးရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ၏ ကိုယ်စားလှယ်အဖွဲ့မှာ ယနေ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေကြောင်း TNLA က သတင်းထုတ်ပြန်သည်။
TNLA ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦး ပါဝင်ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ ကစထ ၁ မှူးဒုဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် ၁၆ ရက် ဖေဖော်ဝါရီလတွင် တွေ့ဆုံမှုများစတင်မည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် အကြမ်းဖက် မြန်မာစစ်တပ်နှင့် MNDAA တို့မှာ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
![](https://yktnews.com/wp-content/uploads/2025/02/480301356_991094063118200_3569758930805001807_n.jpg)