26 C
Yangon

မြစ်ကြီးနားထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝန်ထမ်းများက ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုး လုပ်ဆောင်နေ

Must read

မြစ်ကြီးနားထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝန်ထမ်းများက ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုး လုပ်ဆောင်နေ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ပုံစံမျိုးစုံဖြင့် နှိပ်စက်ညှင်းပန်းနေပြီး စောဒကတက်သော နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းခြင်းများ၊ တိုက်ပိတ်ခြင်းများ လုပ်ဆောင်နေကြောင်း နိုင်ငံရေးအကျဉ်း သားများမိသားစုများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မြစ်ကြီးနားအကျဉ်းထောင်တွင် အပြစ်မရှိဘဲ နိုင်ငံရေးအကျဉ်းသားများကို မတရားတိုက်ပိတ်ခြင်း၊ အဆောင်ပြောင်းရွှေ့ခြေကျင်းခတ်ခြင်းများကို အကျဉ်းဦးစီးဌာနဝန်ထမ်းများက လုပ်ဆောင်နေကြောင်း၊ ထောင်အတွင်း မူးယစ်ဆေးဝါးများကိုလည်း အကျဉ်းထောင်ဝန်းထမ်းများက တရားဝင်သဖွယ်သွင်းပေးနေပြီး မူးယစ်ဆေးဝါးပြဿနာကိုထောက်ပြသည့် နိုင်ငံရေးအကျဉ်းသားများကို အငြိုးကြီးစွာဖြင့် ညှဉ်းပန်းနှိပ်စက်နေကြောင်း သိရှိရသည်။

ထို့ပြင် မြစ်ကြီးနားအကျဉ်းထောင်မှ ၁ ပွင့်အရာရှိ မြင့်ထွန်းက နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်မှုများတွင် ဦးဆောင်ပါဝင်သည့်အပြင် ရာဇဝတ်သားများထံမှ ပိုက်ဆံရယူ၍ ထောင်မှ စောလျှင်စွာ လွှတ်ပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“နိုင်ငံရေးအကျဉ်းသားတွေကိုတော့ အဓိက ညှဉ်းပန်းနှိပ်စက်တယ်။ လွတ်ငြိမ်းအချိန်တွေမှာ ရာဇဝတ်သားတွေကို ငွေယူပြီး ပြန်လွှတ်ပေးတာတွေ အများကြီးရှိတယ်။ အဆင့်ဆင့်ငွေပေးပြီး စာရင်းလိမ်ကြတာ။ စာရင်းလာစစ်တော့လည်း ငွေပေးပြီး ဖြေရှင်းလိုက်တာပဲ။ ပြီး‌တော့ မြစ်ကြီးနားထောင်မှာ ထောင်ဆရာဝန်လည်း မရှိဘူး။ ဆေးမှူးပုံစံ ၁ ပွင့် တစ်ယောက်ပဲ ရှိတယ်။ ဆေးကလည်း ထောင်သားတွေအတွက် လုံလောက်မှုမရှိဘူး။ ငွေပေးမှ ဆေးသွင်းပေးတယ်။ မဟုတ်ရင် ပစ်ထားလိုက်တာပဲ။ ICRC တို့ လူ့အခွင့်အရေးတို့က လာရင် ထပြောတဲ့ လူတွေကို ထောင်ပြောင်းပစ်လိုက်တော့ ဘယ်သူမှ အမိုက်ခံပြီး ထမပြောကြတော့ဘူး” ဟု ထောင်တွင်းအခြေအနေများကို နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တစ်ဦးက ရှင်းပြသည်။

ထို့ပြင် အကျဉ်းထောင်အတွင်းတွင် လျှပ်စစ်မီးပြတ်သည်ကို အကြောင်းပြ၍ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်း သားများကို ရေချိုးခွင့်ပိတ်ပင်ခြင်းများ ရှိနေကြောင်း၊ ပြင်ပ အလှူရှင်များက လှူဒါန်းသည့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများကိုလည်း အကျဉ်းသားများအတွက် မသုံးဘဲ ပြင်ပသို့ ပြန်လည် ရောင်းချမှုများကို အကျဉ်းဦးစီးဌာနဝန်ထမ်းများက လုပ်ဆောင် နေကြောင်း၊ ထောင်ဝင်စာများကိုလည်း လုံခြုံရေးအကြောင်းပြ၍ နိုင်ငံရေးအကျဉ်းသားများထံမှ ဖြတ်တောက်ယူဆောင်ခြင်းများ လည်း ကျူးလွန်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article