36 C
Yangon

မင်းလှမှ စိတ်ဝေဒနာရှင် ကိုမိုးဝင်းအောင်ကို စစ်တပ်က စစ်မှုထမ်းတပ်သားအဖြစ် ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းပို့၊ ရန်ကုန်တွင်လည်း ပစ္စည်းအဟောင်းဝယ်သူကို သူခိုးဟုစွပ်စွဲပြီး စစ်တပ်ထဲသွင်း

Must read

မင်းလှမှ စိတ်ဝေဒနာရှင် ကိုမိုးဝင်းအောင်ကို စစ်တပ်က စစ်မှုထမ်းတပ်သားအဖြစ် ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းပို့၊ ရန်ကုန်တွင်လည်း ပစ္စည်းအဟောင်းဝယ်သူကို သူခိုးဟုစွပ်စွဲပြီး စစ်တပ်ထဲသွင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စိတ်ဝေဒနာ ခံစားနေရသည့် ကိုမိုးဝင်းအောင်ကို စစ်တပ်က စစ်မှုထမ်းတပ်သားအဖြစ် စု ဆောင်း ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းပို့ဆောင်ကာ စစ်သင်တန်းတက်ခိုင်းနေပြီဖြစ်ကြောင်း ကိုမိုးဝင်းအောင်နှင့်ရင်းနှီးသော မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မင်းလှမြို့နယ်၊ တောင်လိမ်ကျေးရွာတွင် နေထိုင်သော စိတ်ဝေဒနာ ခံစားနေရသည့် အသက် ၃၃ နှစ်အရွယ် ကိုမိုးဝင်းအောင် ၊ ကိုသံချောင်းနှင့် ကိုငဇော် တို့ကို ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်က လူသားဒိုင်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ ဖမ်းဆီးခံရသူ ၃ ဦးကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အကြမ်း ဖက်စစ်တပ်က မင်းလှမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်လာခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ဖြင့် ပြန်ရွေးရန် အကြောင်းကြားကြောင်း၊ ငွေကြေးဖြင့် ရွေးယူမှုကြောင့် ကိုသံချောင်းနှင့် ကိုငဇော် တို့မှာ ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း စိတ်ဝေဒနာရှင်ကိုမိုးဝင်းအောင်မှာမူ စစ်သင်တန်းကျောင်းသို့ အပို့ခံလိုက်လိုက်ရကြောင်း သိရှိရသည်။

“မင်းလှမြို့နယ် ထွေအုပ်ရုံးမှာ မိသားစုတွေက လိုက်ထုတ်တာ ကိုသံချောင်းနဲ့ ကိုငဇော်ကို ပြန်လွှတ်ပေးတယ်။ ကိုမိုးဝင်းအောင် ကို စစ်မှုထမ်းဖို့ စစ်သင်တန်းပို့လိုက်ပြီ။ ကိုမိုးဝင်းအောင်က အရပ် ၄ ပေခွဲပဲ ရှိတယ်။ စိတ်လည်းမနှံ့ဘူး။ သားစိမ်း၊ ငါးစိမ်းတွေလည်း စားတယ်။ တစ်ချက်တစ်ချက် စိတ်ထဖောက်သွားရင် ထိန်းလို့မရဘူး။ သူ့ကိုတော့ ပြန်လွှတ်ပေးစေချင်တယ်။ သူ့အမေကတော့ သူ့သားစိတ်နဲ့ အိပ်ရာထဲလဲနေတယ်” ဟု ကိုမိုးဝင်းအောင်၏ မိတ်ဆွေက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၄ နာရီခန့်အချိန်ကလည်း မင်းလှမြို့၊ ကံဦးကွက်သစ် ရပ်ကွက်တွင် နေထိုင်သော လူငယ် ၁ ဦးသည် ၄င်း အလုပ်လုပ်ကိုင်နေသော မြို့မစျေးအတွင်းရှိ ကုန်စုံဆိုင်သို့ စျေးရောင်းရန် သွားရောက်စဥ် စစ်တပ်က စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၃ ရပ်ကွက်တွင် တွန်းလှည်းဖြင့် ပစ္စည်းအဟောင်းများ လိုက်လံဝယ်ယူနေသော အမျိုးသား ၁ ဦးကိုလည်း ရာအိမ်မှူး လေးနိုင်က ရိုက်နှက် ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းရန် စစ်တပ်ထဲသို့ ပို့ဆောင်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၃ ရပ်ကွက်တွင် တွန်းလှည်းဖြင့် ပစ္စည်းအဟောင်းများ လိုက်လံဝယ်ယူနေသော လင်မယား ၂ ဦးကို ရာအိမ်မှူး လေးနိုင်က ခိုးရာပါ ပစ္စည်းများ ဝယ်ယူသည်ဟုဆိုကာ ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် အမျိုးသမီးဖြစ်သူကို ပြန်လွှတ်လိုက်ပြီး အမျိုးသားဖြစ်သူကို စစ်မှုထမ်းရန် စစ်တပ်ထဲ ထည့်သွင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

” ၁၆/၃ ရပ်ကွက်မှာ တွန်းလှည်းနဲ့ ပစ္စည်း အဟောင်းတွေ လိုက်ဝယ်နေတဲ့ လင်မယား ၂ ဦးက Air con အဟောင်းကို တင်ပြီး လာတဲ့ အချိန်တွင် သူခိုးပစ္စည်း ဝယ်လာတယ်ဆိုပြီး လေးနိုင်က စွပ်စွဲ ဖမ်းဆီးပြီး ရပ်ကွက် ရုံးခန်းခေါ်သွားတယ်။ လင်းမယား ၂ ဦးလုံးကိုလည်း ပါးတွေ နားတွေ ရိုက်ပါတယ်။ အမျိုးသမီးဖြစ်သူက အိမ်ရှင်ဆီကနေ ဝယ်လာတဲ့ အကြောင်း ရှင်းပြတာကို လက်မခံဘဲ အတင်း အဓမ္မကို ရိုက်နှက်တာပါ။ အမျိုးသမီးက အိမ်ရှင်ကို လိုက်ပြပါမယ့် ပြောလဲမရဘူး။ မင်းတို့ နောက်ကို လိုက်ကြည့်စရာ မလိုဘူးဆိုပြီး အမျိုးသမီးကို ၁ သိန်းသွားရှာလာခဲ့လို့ပြောပါတယ်။ အမျိုးသမီး ဖြစ်သူက ကျွန်မသွားရှာ လာခဲ့မယ်ဆိုပြီး နံနက် ကြတော့ ပြန်လာတော့ နင့်ယောကျာ်းကို စစ်မှုထမ်းဖို့ ပို့လိုက်ပြီလို့ ပြောပါတယ်။ အမျိုးသမီး ဖြစ်သူက ငိုလိုက်တာဆိုတာ လူမြင်မကောင်းဘူး။ လေးနိုင်က ရပ်ကွက်ထဲမှာ အပြစ်မဲ့ ပြည်သူတွေ ငွေမရှိတဲ့လူတွေကို အနိုင်ကျင့်နေတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် နိုင်ငံတစ်ဝန်းတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ယခုစစ်မှုထမ်းအပတ်စဉ်တွင် စစ်သားအရေအတွက် ၄၀၀၀ ဝန်းကျင်သာ ရရှိကြောင်း နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article