ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
မွန်ပြည်နယ်၊ သထုံမြို့ အမှတ် ၄၀၂ အမြောက်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သထုံမြို့ပြ အထူးပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်း သထုံမြို့ အမှတ် ၄၀၂ အမြောက်တပ်ရင်းမှ စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ် ၁ ဦးသည် သေနတ် ၁ လက်နှင့် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး သထုံမြို့ပြ အထူးပြောက်ကျားအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ၄၀ မမ အသီး ၂ လုံး၊ ကျည် ၁၀၁ တောင့်တို့ကို ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။
“သထုံမြို့နယ် ၄၀၂ အမြောက်တပ်ရင်း ကနေပြီးတော့ ပြီးခဲ့တဲ့ ၁၇ ရက်နေ့ညက ကျွန်တော်တို့ သွားကြိုခဲ့တာပေါ့။ ကျွန်တော်တို့ သူ့ကို သွားကြိုပြီးတဲ့အချိန် ဂိတ်အရှေ့မှာ ဓာတ်မီးနဲ့ လှမ်းထိုးတဲ့ စစ်ခွေးကို သေနတ်နဲ့ပစ်ခတ်လိုက်တာ စစ်ခွေး ၁ ကောင် ဗိုက်ထိသွားတယ်လို့တော့ သိရတယ်။ သူက ထိုင်းမှာနေတာ ရဲဖမ်းခံရပြီးတော့ မြန်မာပြည်ကို ပြန်ပို့တော့ စစ်မှုထမ်း ဥပေဒနဲ့ တပ်ထဲရောက်လာတာလို့ သိရတယ်။ သူက သင်တန်း ၄ လ လောက်တက်ပြီးတော့ ၄၀၂ တပ်ရင်းကို ရောက်တာ ၂ လလောက်ပဲရှိသေးတယ်။ သူက ထားဝယ်ဇာတိလို့ သိရတယ်။ ထားဝယ် ၅၁၆ တပ်ရင်းမှာ သင်တန်းတက်ခဲ့ရတယ်လို့ သိရတယ်” ဟု သထုံမြို့ပြ အထူးပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အလားတူ ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ခလရ ၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦး ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း CDF Civic Defense Militia -CDM -Siyin က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တီးတိန်မြို့ရှိ ခလရ ၂၆၉ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ကျော်စောနိုင်နှင့် တပ်သား ဇော်လင်းတို့ ၂ ဦးသည် CDF CDM SIYIN ထံသို့ ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သား ၂ ဦးကို ထိုက်တန်စွာ ဆုချီးမြှင့်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်အတွင်းမှ အလင်းဝင်ရောက်လိုသော တပ်သားများကို မြို့တွင်းတွင်ဖြစ်စေ၊ မည်သည့်နေရာတွင် ဖြစ်စေ သွားရောက်ကြိုဆိုပေးမည်ဖြစ်ပြီး ၎င်းတို့ သွားရောက်လိုသောနေရာ၊ လုပ်လိုသည့် အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျဖြစ်စေရန် စီမံဆောင်ရွက်ပေး မည်ဖြစ်ကာ ကောင်းမွန်စွာ စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း CDF Civic Defense Militia -CDM -Siyin က အသိပေး နှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



