25 C
Yangon

နေပြည်တော်တွင် လူငယ်များကို မူးယစ်ဆေးဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးပြီး ငွေညှစ်ခြင်းနှင့် စစ်မှုထမ်း တပ်သားအဖြစ် ဖမ်းဆီးစုဆောင်း၊ တိမ်းရှောင် ထွက်ပြေးလျှင် ပုဒ်မ ၁၉ (က)ဖြင့် ၀ရမ်းထုတ်ထောင်ချမည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

နေပြည်တော်တွင် ပျဉ်းမနားမြို့နယ်တွင် မူးယစ်ဆေးဝါး လက်ဝယ်ရှိသည်ဟုဆိုကာ လူငယ်များကို ထောင်ချောက်ဆင် ဖမ်း ဆီးပြီး ငွေညှစ်ခြင်းနှင့် စစ်မှုထမ်း တပ်သားအဖြစ် ဖမ်းဆီးစုဆောင်းမှုများကို စစ်တပ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်ရဲများက လုပ်ဆောင်လျက်ရှိကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ လမ်းပျဉ်းမနားဟောင်းအုပ်စု၊ ကြို့ပင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်နိုင်စိုးက ပျဉ်းမနားရဲစခန်းမှ ဒုတပ်ကြပ် အေးအေးခိုင်နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးနေသူများကို ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၊ ဆယ်အိမ်မှူးများကို ခန့်အပ်ကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းမှ လူငယ်များကို မူးယစ်ဆေးဝါးများဖြင့် ထောင်ချောက်ဆင် ဖမ်းဆီး၍ ငွေညှစ်ခြင်း၊ စစ်မှုထမ်းရန် ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“လူငယ်တွေကို မူးယစ်ဆေး သုံးတယ်၊ မူးယစ်ဆေးဝါး လက်ဝယ်ရှိတယ်ဆိုပြီး သူတို့ အပိုင် မူးယစ်ဆေးဝါးတွေကို လူငယ်တွေဆီက သိမ်းဆည်းရမိသယောင်ယောင် ခေါင်းစဉ်တပ်ပြီး ဖမ်းတယ်။ ပြီးရင်ငွေညှစ်တယ်။ တိမ်းရှောင်နေတဲ့ လူငယ်တွေဆိုရင် မူးယစ်ဆေးဝါးအမှု (၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) )နဲ့ ၀ရမ်းထုတ်မယ်ဆိုပြီး အိမ်ပြန်လာခိုင်းတယ်။ စစ်မှုထမ်းဖို့ လူမရှိတော့လည်းရင်လည်း အဲဒီလို မူးယစ်ဆေးဝါးနဲ့ အမှု ဆင်တယ်။ ပြီးရင် ထောင်ထဲဝင်မလား၊ စစ်မှုထမ်းမလားဆိုပြီး အကျပ်ကိုင်ခြိမ်းခြောက်မှုတွေ ဖြစ်နေတယ်” ဟု ထောင် ချောက်ဆင် ဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်းရန် စေလွှတ်ခံရသော လူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) သည် မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို ရောင်းချရန် အလို့ငှာ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း၊တဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းအမှုဖြစ်ပြီး ရဲအရေးပိုင်ကာ ဖမ်း၀ရမ်းဆင့်ထုတ်နိုင်ကြောင်း၊ ယင်းဥပဒေ ပုဒ်မ ၁၉ (က) ဖြင့် ကျူးလွန်သူကို ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးခံရသော လူငယ်များကို ကြို့ပင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်နိုင်စိုးက ညှိနှိုင်းငွေ အနည်းဆုံး ​ငွေကျပ် သိန်းဆယ်ချီ တောင်းယူကြောင်း၊ အကယ်၍ မိဘဆွေမျိုးများက ငွေမပေးနိုင်ပါက ယင်းသို့ ထောင်ချောက်ဆင် ဖမ်းဆီးခံရသော လူငယ်များကို စစ်မှုထမ်းတပ်သားများအဖြစ် စစ်တပ်အတွင်းသို့ ပို့ဆောင်ကြောင်း သိရှိရသည်။

“အဓိက အုပ်ကြီးဇော်နိုင်စိုးနဲ့ ပျဉ်းမနားရဲစခန်းက ဒုတပ်ကြပ် အေးအေးခိုင်တို့အဖွဲ့က ပူးပေါင်းပြီး လုပ်ကြတာ။ သူတို့လည်း ငွေရတယ်၊ နောက်ပြီး စစ်မှုထမ်း တပ်သားလည်း စုဆောင်း ဖမ်းဆီးနိုင်တော့ သူတို့အတွက် အရမ်းကို အဆင်ပြေနေတာ။ ရွာက လူငယ်တွေကို ရွာကနေ ထွက်ပြေးရင်လည်း မူးယစ်ဆေးဝါးအမှု ပုဒ်မ ၁၉ (က) နဲ့ ဖမ်း၀ရမ်းထုတ်မယ်ဆိုတော့ ဘယ်သူမှ သိပ်မပြေးရဲဘူး။ ဒုတပ်ကြပ် အေးအေးခိုင်နဲ့ အုပ်ကြီးက သူတို့နဲ့ လာမညှိရင် ဖမ်း၀ရမ်းထုတ်မယ်ချည်းပဲ ခြိမ်းခြောက်နေတာ။ အဲဒီလိုနဲ့လည်း စစ်မှုထမ်း ပါသွားတဲ့ လူငယ်တွေများသလို ငွေညှစ်ခံရသူတွေလည်းရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် ကြို့ပင်ကျေးရွာအတွင်း စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်နိုင်စိုးက အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် သောင်းချီ၍ လစဉ် ကောက်ယူမှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် စုဆောင်းခံထားရသော လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် စုဆောင်းခံထားရသော လူငယ်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article