30 C
Yangon

ထိုင်းတွင် တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးပြန်ပို့ခံရသော မြန်မာအမျိုးသားများအားလုံးကို စစ်ကောင်စီက စစ်မှုထမ်း တပ် သားများအဖြစ် အတင်းအကျပ် စစ်ထဲဆွဲသွင်းဟု လွတ်မြောက်သူ CDM စစ်မှုထမ်း တပ်သား မောင်အောင်ဆက်ပိုင် ပြော

Must read

ထိုင်းတွင် တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးပြန်ပို့ခံရသော မြန်မာအမျိုးသားများအားလုံးကို စစ်ကောင်စီက စစ်မှုထမ်း တပ် သားများအဖြစ် အတင်းအကျပ် စစ်ထဲဆွဲသွင်းဟု လွတ်မြောက်သူ CDM စစ်မှုထမ်း တပ်သား မောင်အောင်ဆက်ပိုင် ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးပြန်ပို့မှုခံရသော မြန်မာနိုင်ငံသား အမျိုးသားများအားလုံးကို စစ်ကောင်စီက စစ်မှုထမ်း တပ်သားများအဖြစ် အတင်းအကျပ် စစ်မှုထမ်းခိုင်းနေကြောင်း လွတ်မြောက်သူ CDM စစ်မှုထမ်းတပ်သား မောင်အောင်ဆက်ပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဧပြီလတွင် မောင်အောင်ဆက်ပိုင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် CI နိုင်ငံကူးလက်မှတ်သက်တမ်း ကုန်ဆုံးခဲ့စဉ် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှု ခံခဲ့ရပြီး ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ အပို့ခံရကြောင်း၊ ၎င်းနှင့်အတူ ထိုင်းနိုင်ငံတွင်း တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံရသော လူငယ် ၁၀၀ ဝန်းကျင်ကို ထိုင်းအစိုးရက စစ်ကောင်စီထံသို့ ပြန်လည်လွှဲပေးခဲ့ကြောင်း၊ အဆိုပါ လူငယ်များအားလုံးကို စစ်ကောင်စီတပ်က ပြန်မလွှတ်တော့ဘဲ စစ်မှုထမ်းတပ်သားအဖြစ် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း(တကက-၁၂)သို့ ပို့ဆောင်ပြီး စစ်မှုထမ်းသင်တန်း တက်ခိုင်းကြောင်း သိရှိရသည်။

“ကျနော့်က CI သက်တမ်းကုန်သွားတော့ ဆိုင်ကယ်စီးရင်း အဖမ်းခံရတယ်။ ထိုင်းရဲက ဖမ်းပြီးတော့ ရနောင်းမြို့ဘက်ကို လွှဲတယ်။ အဲဒီကနေတစ်ဆင့် ကော့သောင်းကိုပို့တယ်။ ကော့သောင်းမှာ ကျနော်တို့ကို ရဲတွေက လာကြိုတယ်။ မင်းတို့စစ်သားလုပ်မလားဆိုပြီး မေးတယ်။ မလုပ်ဖူးဆိုတော့ လက်နက်တွေနဲ့ ထုတ်ချိန်တယ်။ ကားပေါ်တက်ဆိုပြီး အတင်းတက်ခိုင်းပြီးတော့ ပလောက်မြို့ တိုင်းဗဟို ၁၂ မှာ စစ်မှုထမ်းသင်တန်းတက်ခိုင်းတယ်။ စစ်မှုထမ်းအပတ်စဉ် ၅ တက်ခဲ့ရတာ။ အဲဒီသင်တန်းကျောင်းရောက်မှ ရနောင်းမှာ အဖမ်းခံရလို့ မြန်မာဘက်ကို ပြန်လွှဲတဲ့ လူငယ်တွေအားလုံး ပလောက် စစ်မှုထမ်း သင်တန်းကျောင်းရောက်လာတာတွေ့ရတာ” ဟု လွတ်မြောက်လာသူ CDM စစ်မှုထမ်းတပ်သား မောင်အောင်ဆက်ပိုင်က ရှင်းပြသည်။

စစ်မှုထမ်းသင်တန်းအပတ်စဉ် ၅ ကို ပလောက်မြို့ အမှတ် ၁၂ စစ်သင်တန်းကျောင်းတွင် တက်ရောက်ပြီးနောက် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်ပြီး ယင်းမှတစ်ဆင့် သထုံမြို့ရှိ အမှတ် ၄၀၂ အမြောက်တပ်ရင်းသို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ ယင်းနောက် ယခု ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တော်လှန်ရေးတပ်များ၏ အကူအညီဖြင့် ထွက်ပြေးလွတ်မြောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ စစ်မှုထမ်းသင်တန်း ဆင်းပြီးတော့ ကျနော်တို့ တပ်တွေပြောင်းတယ်။ အဲဒီမှာ ကတုတ်ကျင်းတွေ တူးခိုင်းတယ်။ မင်းတို့မသေချင်ရင် ကတုတ်ကျင်းတူးရမယ်ဆိုပြီး တူးခိုင်းတာ” ဟု မောင်အောင်ဆက်ပိုင်က ပြောဆိုသည်။

လွတ်မြောက်လာသူ CDM စစ်မှုထမ်း တပ်သား မောင်အောင်ဆက်ပိုင်သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်း တာဝန်ကျရာ သထုံမြို့ အမှတ် ၄၀၂ အမြောက်တပ်ရင်းမှ သေနတ် ၁ လက်နှင့် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ထွက်ပြေးလာခဲ့ကာ သထုံမြို့ပြ အထူးပြောက်ကျားအဖွဲ့က သွားရောက် ကယ်ဆယ်ခဲ့ရကြောင်း သိရှိရသည်။

အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သား မောင်အောင်ဆက်ပိုင်က MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက် ၊ ၄၀ မမ အသီး ၂ လုံး၊ ကျည် ၁၀၁ တောင့်တို့ကို ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article