ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ ရွှေတောင်ကြား တော်လှန်ရေးဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျန်းမာရေး စေတနာ့ ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း People’s Healthcare Network (Kalay) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ကလေးမြို့နယ် တောင်ပိုင်းရှိ စိုးမိုးနယ်မြေ တစ်နေရာ၌ ပြည်သူများနှင့် ပြည်သူ့ရဲဘော်များကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော Golden Valley Revolution Hospital – ရွှေတောင်ကြား တော်လှန်ရေးဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူများ ထိခိုက်မှုမရှိသော်လည်း People’s Healthcare Network (Kalay) မှ ကျန်းမာရေး စေတနာ့ ဝန်ထမ်း ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
” ထိခိုက်ဒဏ်ရာရရှိတဲ့ ကျန်းမာရေး စေတနာ့ ဝန်ထမ်း ၅ ဦးက မစိုးရိမ်ရပါဘူး။ ဦးခေါင်း ထိခိုက်ပြီး သတိလစ်တဲ့ ၁ ဦးလည်း အခု စိတ်ချရတဲ့ အခြေအနေရှိနေပါပြီ” ဟု People’s Healthcare Network (Kalay) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီသည် အရပ်သား ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ တိုက်ခိုက်ဖျက်ဆီး လျက်ရှိသော စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့် လုပ်ရပ်များကို PHN-Kalay က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲ အောင်မြင်ပြီးမြောက်သည်အထိ ပြည်သူလူထုနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အလေးအနက် အဓိဌာန်ပြုကြောင်း People’s Healthcare Network (Kalay) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




