ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ၊ ခလရ ၂၃၆ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၇၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ပြီး တိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ခလရ ၂၃၆ တပ်ရင်းကို စတင် သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်ကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရရှိကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
“ခလရ ၂၃၆ က မနေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် ဖမ်းမိတာလည်း ဟုတ်ပါတယ်။ အရာရှိတွေ ပါပေမယ့် ဘယ်လို အဆင့်တွေ ပါလဲဆိုတာကို အသေးစိတ်ကိုတော့ စိစစ်နေတုန်းပဲ။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် အမြောက်တပ် ၃၆၆ ၊ အမှတ် ၆၀၀၇ သံချပ်ကာတပ်၊ အမှတ် ၅၀၁၄ တင့်ကားတပ်နှင့် ခလရ ၂၃၆ တပ်ရင်းတို့ကို အပြီးသတ် ရရှိထားကြောင်း၊ စကခ ၂၁ ကို ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“စကခ ၂၁ ကို အပြီးသတ်ရဖို့ တိုက်ပွဲ အရမ်းပြင်းထန်နေတယ်။ စကခ ၂၁ ကိုရပြီဆိုရင်တော့ ဗန်းမော်ကို ရပြီလို့ ပြောလို့ရပါတယ်” ဟု ရှေ့တန်း PDF စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA နှင့်အတူ ABSDF ၊ PDF အပါအဝင် တော်လှန်ရေးတပ်များစွာ ပါဝင်တိုက်ခိုက်နေခြင်းဖြစ် ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






