ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်း၊လက်ပံတန်း၊ ပျဉ်ကတိုးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးအောင်ရှိန်က တစ်ရွာလျှင် တစ်လ စစ်မှုထမ်းလူငယ် ၄၂ ဦး တောင်းခံနေပြီး လက်နက်ကိုင် ရမ်းကားပစ်ခတ်၍ ပြည်သူ ၁ ဦးဆေးရုံတင်ထားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အုပ်ချုပ်ရေးမှူး ဌေးအောင်ရှိန်ကို လက်နက်တပ်ဆင်ထားကြောင်း၊ အုပ်ချုပ်ရေးမှူးက ညအချိန် ကင်းလှည့်သည်ဆိုကာ ပြည်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်နေသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေရကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၉ နာရီခန့်တွင် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးအောင်ရှိန်က ညမထွက်ရ အမိန့်ထုတ်ထားချိန်ဖြစ်၍ လက်ပံတန်းမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးရွာအုပ်စုအနီး ဖြတ်မောင်းသွားသော ကား ၁ စီးကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကားသမား ကိုဌေးက ကားရပ်ပေးခဲ့ကြောင်း၊ ထို့နောက် အုပ်ချုပ်ရေးမှူး ဌေးအောင်ရှိန်နှင့် ပျူစောထီးများက ဝိုင်းဝန်း ရိုက်နှက်ခဲ့သောကြောင့် အသက်အန္တရာယ် စိုးရိမ်ရပြီး ဆေးရုံတွင် တင်ထားရကြောင်း သိရသည်။
“သူတို့ သေနတ်နဲ့ ပစ်လို့ ကားသမားကလည်း ကြောက်ပြီး မောင်းပြေးတာ ကားလည်း ကျည်ဆံတွေမှန်ထားတာ အများကြီးပဲ လူတော့ မထိဘူး။ ထိန်တောမြို့အဝင်မှာ ကားသမားက ကားရပ်ပြီး တံခါးဖွင့်ဆင်းတော့ ဌေးအောင်ရှိန်နဲ့ ပျူစောထီးများက တုတ်တွေ ဓာတ်မီးတွေနဲ့ ဝိုင်းရိုက်ကြလို့ အခုဆေးရုံတင်ထားရပြီး အသက်သေဆုံးနိုင်တယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ပျဥ်းကတိုးကုန်းအုပ်စုအတွင်းရှိ ကျေးရွာများကိုလည်း ဌေးအောင်ရှိန်က တစ်ရွာလျှင် စစ်မှုထမ်းရန် လူ ၄၂ ဦး ပေးရမည်ဟု အမိန့်ထုတ်ထားကြောင်း၊ ထို့ပြင် စစ်မှုထမ်းကြေးဟုဆိုကာ တစ်ရွာလျှင် ငွေကျပ် သိန်း ၂၀ အတင်းအဓမ္မ တောင်းခံနေကြောင်း၊ အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အကျုံးဝင်သူ အမျိုးသားများကို ရပ်ရွာ ကာကွယ်ရေးအတွက် ပျူစောထီးအဖွဲ့ထဲ ပါဝင်ရန်၊ ရွာအဝင်အထွက်တွင် လုံခြုံရေးဂိတ်စောင့်ရန် လုပ်ဆောင်နေကြောင်း၊ လက်နက်ကိုင်ပြီး ပြည်သူများကို အနိုင်ကျင့် မတရားဖိနှိပ်နေသူဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း ပျဥ်းကတိုးအုပ်စုအတွင်းရှိ ဦးတိုရွာသစ်ရွာတွင် ဌေးအောင်ရှိန်က အစည်းအဝေး ပြုလုပ်နေစဥ် ရွာသား ၁ ဦး၏ လွယ်အိတ်အတွင်းမှ ဓားချွန် ၁ ချောင်းတွေ့သည်ဆိုကာ သစ်ပင်တွင် လက်ပြန်ကြိုးချည်၍ ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ်တွင်လည်း အုပ်ချုပ်ရေးမှုး ကျော်နိုင်က စစ်မှုထမ်း လစဉ်ကြေး ငွေကျပ် ၁ သိန်း လိုက်လံကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလပိုင်းမှ စတင်၍ ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာမြို့သစ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှုး ကျော်နိုင်က စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ ၁ အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်း လိုက်လံကောက်ခံနေကြောင်း၊ ကျော်နိုင်သည် လစဉ် စစ်မှုထမ်းကြေး မပေးသည့် ပြည်သူများကိုလည်း စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
“ယခင်လတွေက တစ်အိမ်ထောင်ကို ၅ သောင်း ကောက်ရာကနေ အခုလကနေစပြီး ၁ သိန်း စကောက်နေတာပါ။ ပြည်သူတွေ စားဝတ်နေရေး ကြပ်တည်းနေတဲ့အချိန်ကြီးကို အတင်းအဓမ္မ ခြိမ်းခြောက်ကောက်နေတာပါ။ စစ်မှုထမ်းကြေး ၁ သိန်း မပေးနိုင်တဲ့ နေအိမ်တွေကိုလည်း စစ်တပ်ခေါ် ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ပါတယ်။ ရပ်ကွက်နေ လူငယ်တွေလည်း တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – လက်ပံတန်းမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးအောင်ရှိန်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
