29 C
Yangon

တောင်သာ၊ ဝင်းရေးနှင့် မူး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

တောင်သာ၊ ဝင်းရေးနှင့် မူး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျားမတွင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယောဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တောင်သာ လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ကျားမတွင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၇ ဦး ပြင်းထန် ဒဏ်ရာ ရရှိကာ နွား ၁ ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲနဲ့ အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။ ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာရှိတယ်။ ထိခိုက်ပြင်းထန်တဲ့ ပြည်သူတွေကိုတော့ ဆေးရုံပို့ထားပါတယ်” ဟု တောင်သာ လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ဝင်းရေးမြို့နယ် ခေါကလား ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် အသက် ၁၆ နှစ် အရွယ် အမျိုးသမီးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ မှော်ဘီလေတပ်မှ Y-12 Military Transport Aircraft ၁ စီးဖြင့် ဝင်းရေးမြို့နယ်၊ ခေါကလား ကျေးရွာအတွင်းကို လာရောက် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ခေါကလားကျေးရွာမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိမှန် ဒဏ်ရာရခဲ့ပြီး နေအိမ် ၃ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ထိုလေယာဥ်သည် ဝင်းရေးမြို့နယ် မောထီးကျေးရွာဘက်ကို လှည့်ပြန်ကာ ထပ်မံ ဗုံးကျဲ ပစ်ခတ်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှု အတွင်း မောထီးကျေးရွာရှိ ဘုန်း​ကြီးကျောင်း နှင့် ပြည်သူပိုင် နေအိမ် တစ်ချို့လည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီ ၁၈ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်းရှိ ခလရ-၇၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ညောင်ပင်သာကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၅၀ နှစ်အရွယ် ဒေါ်မာမာဌေး ၊ အသက် ၉ နှစ်အရွယ် မောင်ချစ်ရအောင် နှင့် အသက် ၄၉ နှစ်အရွယ် ဦးငြိမ်း တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ အနေဖြင့် အကြမ်းဖက် လုပ်ရပ်များကို ခလယ်လွီထူခရိုင်အတွင်း နေ့စဉ် ရက်ဆက် ကျူးလွန်လျှက်ရှိသောကြောင့် ခလယ်လွီထူခရိုင် အတွင်း နေထိုင်သော ပြည်သူလူထုများအနေဖြင့် စိုးရိမ်ကြောက်ရွံ့များစွာဖြင့် အသက်ရှင်သန်နိုင်ရေးအတွက် လုပ်ကိုင်စားသောက် သွားလာနေထိုင်နေကြောင်း KNU ဗဟိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article