ချောင်းဦးတွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း BLDF အညာမိုင်းတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ရွာ ပျူစောထီး စခန်းမှ အင်အား ၇၀ ကျော်ဖြင့် ထွက်လာသော စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများပြားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အင်အား ၇၀ ကျော်ဖြင့် ထပ်မံ ထွက်ခွာလာစဉ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရှိရသည်။
“စစ်ကြောင်းနှစ်ခုပေါင်း ၁၅၀ လောက်ရှိတယ်။ စစ်ခွေးသေစာရင်းကတော့ လေးဆယ်လောက်လို့ တော့သိရတယ်။ သေတာက ၄၀ လောက်ရှိတယ်။ ဒဏ်ရာရတာလည်း ၄၀ လောက်ရှိတယ်။ တိုက်ပွဲက ၂ ရက်ဆက်ဖြစ်တာ ၂ ရက်ပေါင်းဆိုရင် အင်အားက ၁၅၀ လောက်ရှိမယ်။ ထိတွေ့တိုက်ပွဲကတော့ ညနေ ၅ နာရီ လောက်ဖြစ်တာ၊ လက်နက်တွေသိမ်းဆည်းရရှိခဲ့တာတော့ မရှိဘူး။ ၁၇ ရက်နေ့ထွက်လာလို့ တိုက်ပွဲ ဖြစ်တယ်။ ပြန်ဆုတ်သွားတယ်။ နောက်ရက် တစ်ခါထပ်ထွက်လာလို့ ထပ်ဖြစ်တာ” ဟု BLDF တပ်ခွဲ အညာမိုင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့ သည့်အပြင် မြပုလဲဆီဆိုင်၌ အထိုင်ချထားသော စစ်တပ်စခန်းမှလည်း ၁၂၀ မမ လက်နက်ကြီးဖြင့် အမြောက်အများ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး စစ်ဒေသ ၃ BLDF တပ်ခွဲ အ ညာမိုင်း တပ်ဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၆ နာရီခွဲခန့်ကလည်း မုံရွာမြို့ အခြေစိုက်အနောက်မြောက် တိုင်းစစ်ဌာနချုပ် -နမခ မှ စစ်ကူထွက်လာသည့် သံပြားကာ ကား ၂ စီးကို မုံရွာ -ချောင်းဦး လမ်းမ ပေါ် ခင်မွန်ကျေးရွာ တောင်ဘက်တွင် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး စစ်ဒေသ ၃ BLDF တပ်ခွဲ အညာမိုင်း မှ ရှေ့ထွက်မိုင်း ၂ လုံး၊ ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ချောင်းဦးမြို့ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။


