စေတုတ္တရာ၊ မုံညှင်းကျေးရွာအနီး တောင်သူများ စုဝေးနေထိုင်သော တဲစုကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲပစ်ခတ်မှု အသက် ၃ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ မုံညှင်းကျေးရွာအနီးရှိ တောင်သူများ စုဝေးနေထိုင်သည့် တဲစုကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၃ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၃ နာရီ ၁၄ မိနစ်အချိန် တစ်ကြိမ်၊ နံနက် ၃ နာရီ ၁၈ မိနစ်အချိန်တွင် ဒုတိယကြိမ် မကွေးလေတပ်မှ တက်လာသော စက်တပ် လေထီး – Paramotor များဖြင့် စေတုတ္တရာမြို့နယ် ၊ မုံညှင်းကျေးရွာအနီးရှိ မင်းလမ်းယာတဲစု (တောင်သူများ စုဝေးနေထိုင်ရာ တဲအိမ်စု) ကို ဗုံး ၃ လုံး ကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဒီနေ့မနက်ပါ၊ မကွေးလေတပ်ကနေ တက်လာတဲ့ လေထီးတွေပါ၊ အဲဒီနေရာက တောင်သူတွေ ယာလုပ်ရင်း နေနေကြတာ၊ တဲအိမ်စုလေးတွေက ကပ်ကပ်လေးတွေ၊ ဗုံးသီး ၃ လုံးကျဲချသွားတာ၊ ၃ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၈ ဦးသေတယ်။ ၅ ဦးဒဏ်ရာရတယ်၊ နွား ၂၄ ကောင်လည်း ထိခိုက်သေဆုံးတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ထိုသို့ ဗုံးကျဲတိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေး ငယ် ၁ ဦးအပါအဝင် ပြည်သူ ၈ ဦးသေဆုံး ကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၊ ထို့အပြင် ပြည်သူများမွေးထားသော နွား ၂၄ ကောင်လည်း ထိခိုက်သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။



