31 C
Yangon

ပုသိမ်ကြီးမြို့နယ်နှင့် မိတ္ထီလာမြို့ တို့တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် စစ်တပ်နှင့် ပူးပေါင်း နေသူများ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

Must read

ပုသိမ်ကြီးမြို့နယ်နှင့် မိတ္ထီလာမြို့ တို့တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် စစ်တပ်နှင့် ပူးပေါင်း နေသူများ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းနေ ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းရွာ အုပ်ချုပ်ရေးမှူးရုံးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းနေသော ဖြိုးလေး နှင့် အပေါင်းအပါ ၂ ဦးကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ် တိုက်ခိုက်မှု အတွင်း ဖြိုးလေး ဆိုသူသည် ပါးတွင် ရှပ်ထိ ဒဏ်ရာ ရရှိကာ ထွက်ပြေး လွတ်မြောက်သွားပြီး ၎င်း၏ လက်ထောက်ဆိုသူမှာ ဒဏ်ရာ အပြင်းအထန်ရရှိကာ ရာအိမ်မှူး ၁ ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် အကြမ်းဖက် စစ်တပ် ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် စစ်တပ် ဒေါက်တိုင်များနှင့် ဝေးရာတွင် ရှောင်ရှား နေထိုင်ကြရန် သတိပေးနှိုးထားသည်။

အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင်လည်း အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော စည်းခုံကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်မင်းဦးဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် ပခုက္ကူတိုက်တန်း ရမ်းကြီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေတဲ့ စည်းခုံကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်မင်းဦးကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေနတ်ကျည် ၂ ချက် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဇော်မင်းဦးသည် အကြမ်းဖက် စစ်တပ် သတင်းပေးဖြစ်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၍ စစ်မှုထမ်းရန် အတင်း အဓမ္မ ခိုင်းစေနေသူဖြစ်ကြောင်း၊ စစ်တပ် အလိုကျ စေခိုင်းမှုများတွင် ပါ၀င်နေသောကြောင့် ရာအိမ်မှူး အဆင့်မှ အုပ်ချုပ်ရေးမှူးသို့ အဆင့်သို့ တိုးမြှင့် တာ၀န်ထမ်းဆောင်နေသည်မှာ ၂ ရက်သာရှိသေးကြောင်း သိရှိရသည်။

“မိတ္ထီလာမြို့ ရမ်းကြီး လက်ဖက်ရည်ဆိုင်မှာ စစ်တပ် သတင်းပေး တစ်ယောက် အရှင်းခံလိုက်ရတယ်။ ဒီနေ့ နံနက် ၈ နာရီလောက်က ဖြစ်တာ ဇော်မင်းဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်။ မြို့နေပြည်သူများအနေနဲ့ စစ်တပ်သတင်းပေးကာ လူငယ်များအား အတင်းအကြပ် စစ်မှုထမ်း စုဆောင်းသော အုပ်ကြီး တစ်ယောက် အနိစ္စ ရောက်သွားမှုကို ၀မ်းသာနေကြတယ်။ နောက်ထပ် ပြည်သူကို နည်းမျိုးစုံနဲ့ အနိုင်ကျင့်ပြီး လူငယ်တွေကို ပေါ်တာဆွဲ သေလမ်း ပို့နေတဲ့ အုပ်ကြီးတွေကို ထပ်မံရှင်းလင်းပေးဖို့ မျှော်လင့်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – မိတ္ထီလာမြို့တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ဇော်မင်းဦး

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article