ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံရန် လက်မှတ်ရေးထိုး၊ မြန်မာနိုင်ငံတွင် နူကလီးယား သုတေသန ဓာတ်ပေါင်းဖိုတစ်ခု ရုရှားက တည်ဆောက်ရန်လည်း အစီအစဉ်ရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းရှိ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံရန် စစ်ကောင်စီနှင့် လက်မှတ်ရေးထိုးလိုက်ပြီး ရုရှားနိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကို ကိုးကား၍ ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ရုရှားနိုင်ငံခြားရေးဌာန အကြီးအကဲ Maxim Reshetnikov နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ကံဇော်တို့က နေပြည်တော်တွင် လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကပ္ပလီပင်လယ်ပြင်ဆက်စပ်တည်ရှိသော စီမံကိန်းဖြစ်ပြီး နည်းပညာမြင့်စက်မှုဇုန်များနှင့် သယ်ယူပို့ဆောင်ရေးအချက်အချာကျသော နေရာများ၊ သတင်းအချက်အလက်နည်းပညာဇုန်များနှင့် ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်သည့်ဇုန်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် နူကလီးယား သုတေသန ဓာတ်ပေါင်းဖို တစ်ခုကိုလည်း ရုရှားနိုင်ငံက တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင်လည်း ရုရှား ပူးပေါင်းဆောင်ရွက်ရန်ရှိနေကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ ရုရှားနှင့် မြန်မာနိုင်ငံအကြား အစိုးရနှင့် ပုဂ္ဂလိကဆိုင်ရာ စီးပွားရေးအခြေခံ အဆောက် အအုံ၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားချင်းစာနာထောက်မှုဆိုင်ရာ စာချုပ်စာတမ်း ၉ ခုကို ယမန်နေ့ နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။
