ရန်ကုန်၊ မေ ၂၀
စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်ပွဲဝင်နေသော တော်လှန်ရေးတပ်ဖွဲ့များအတွင်း ဂိုဏ်းဂဏဖွဲ့ခြင်းနှင့် သူ့လူငါ့လူ ခွဲခြားဆက်ဆံခြင်းများကို လုံးဝမပြုလုပ်ကြရန် ကရင်နီပြည်တပ်မတော် (KA) ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြတ်ပြတ်သားသား တိုက်တွန်းသတိပေးလိုက်သည်။
မေလ ၁၉ ရက်နေ့ ကရင်နီပြည်တပ်မတော် (KA) ထိန်းချုပ်ရာ နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည့် အခြေခံစစ်သင်တန်း အပတ်စဉ် ၇၇ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ရဲဘော်များအား မိန့်ခွန်းပြောကြားစဉ် ၎င်းက ထိုသို့ ထည့်သွင်းသတိပေးခဲ့ခြင်း ဖြစ်သည်။
ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က တော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်ရေး အရေးကြီးကြောင်း ၊ ဂိုဏ်းဂဏနှင့်သူ့လူငါ့လူ ခွဲခြားပါက တော်လှန်ရေး ပျက်စီးနိုင်ကြောင်း သတိပေးသည်။
“တော်လှန်ရေးထဲမှာ သူ့အုပ်စု၊ ငါ့အုပ်စု၊ သူ့လူ၊ ငါ့လူ ဂိုဏ်းဂဏတွေဖွဲ့မယ်ဆိုရင်တော့ အထူးသဖြင့် ဘယ်တပ်မဆို သူ့လူငါ့လူမလုပ်နဲ့။ ဆရာတပည့် မလုပ်နဲ့ ဂိုဏ်းဂဏမထောင်နဲ့။ အဲဒီလိုလုပ်မယ်ဆိုရင် မကြာခင် တော်လှန် ရေးပျက်စီးမှာပဲ။ ဒါကြောင့်မို့လို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အမိန့်နာခံကြပါလို့ပဲ မှာချင်တယ်”ဟု ၎င်းက သတိပေးပြောဆိုသည်။
ကရင်နီပြည်တပ်မတော် (KA) ၏ အခြေခံစစ်သင်တန်းအပတ်စဉ် ၇၇ သင်တန်းပြီးမြောက်ခြင်း အခမ်းအနားတွင် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်၏ မိန့်ခွန်းပြောကြားမှုအပြင် တာဝန်ရှိသူအသီးသီးက အမှာစကားများ ပြောကြားကြသည်။
အခမ်းအနားတွင် ကရင်နီကာကွယ်ရေး ဒုတိယဝန်ကြီး ခူးဒယ်နီရယ်နှင့် ကရင်နီပြည်တပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးအယ်မွီးတို့က သင်တန်းအတွင်း ထူးချွန်ဆုရရှိကြသည့် ရဲဘော်ရဲမေများကို ဆုချီးမြှင့်ခဲ့ကြပြီး၊ အပတ်စဉ် ၇၇ သင်တန်းကျောင်းအုပ် ဗိုလ်ကြီးကူးရယ်ကလည်း အားပေးအမှာစကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကရင်နီပြည်တပ်မတော်မှ တပ်ဗိုလ်တပ်မှူးများနှင့် ရဲဘော်များ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ရဲဘော်များအပြင် ဒေသခံပြည်သူလူထုနှင့် ကျောင်းသူကျောင်း သားစုစုပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လက်ရှိ ကရင်နီပြည်နယ်အတွင်း စစ်ရေးအခြေအနေအရ မယ်စဲ့မြို့နယ်နှင့် ရှားတောမြို့နယ်တို့ကို ကရင်နီတပ်ပေါင်းစုက ဆက်လက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး မိုးဗြဲမြို့၊ လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့တို့ကိုမူ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။




