29 C
Yangon

ပြင်သစ်ကုမ္ပဏီ Thales က လက်နက်ပွဲစား ကျော်သောင်းမိသားစုပိုင် Ky-Tha Trading မှတစ်ဆင့် မြန်မာစစ် တပ်ထံသို့ ရေဒါ ၆ လုံး ရောင်းချခဲ့ခြင်းဖြင့် ဥရောပသမဂ္ဂ၏ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ထားမှုကို ချိုးဖောက်

Must read

ရန်ကုန်၊ မေ ၂၀

ပြင်သစ်အခြေစိုက် နည်းပညာနှင့် ကာကွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Thales က လက်နက်ပွဲစား ကျော်သောင်းမိသားစုပိုင် Ky-Tha Trading ကုမ္ပဏီမှတစ်ဆင့် မြန်မာစစ်တပ်ထံသို့ ရေကြောင်းစောင့်ကြည့်ရေး ရေဒါ ၆ လုံး ရောင်းချခဲ့ခြင်းဖြင့် ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ကန့်သတ်မှုများကို ချိုးဖောက်ခဲ့ကြောင်း Justice For Myanmar (JFM) က သတင်းထုတ်ပြန်သည်။

ပြင်သစ်အစိုးရက တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားသော အဆိုပါ နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီး Thales ၏ ဥပဒေချိုးဖောက်မှုများကို သတင်းစုံစမ်းထောက်လှမ်းသည့် Disclose သတင်းဌာနနှင့် Info Birmanie အဖွဲ့တို့က ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းအပေါ် စုံစမ်းစစ်ဆေးမှုများ ချက်ချင်းလုပ်ဆောင်ရန် ပြင်သစ်အာဏာပိုင်များကို JFM က တောင်းဆိုထားသည်။

Justice For Myanmar ၏ ခိုင်လုံသော အထောက်အထားများကို အသုံးပြုထားသည့် Disclose နှင့် Info Birmanie တို့၏ အစီရင်ခံစာသစ်အရ Thales ကုမ္ပဏီက ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာစစ်တပ်ထံသို့ Coast Watcher 100 ရေကြောင်းစောင့်ကြည့်ရေး ရေဒါ ၆ လုံးကို ထောက်ပံ့ရောင်းချခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရသည်။

အဆိုပါ အရောင်းအဝယ်သည် မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စုစုပေါင်း တန်ဖိုး ယူရို ၁၆ သန်း ရှိကာ ကုမ္ပဏီအနေဖြင့် ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ အကျိုးအမြတ် ရရှိခဲ့သည်။

ယင်းရေဒါများ၏ အဆင့်မြင့်ရေကြောင်းစောင့်ကြည့်ရေး စွမ်းရည်များကို အသုံးပြု၍ စစ်တပ်က ကမ်း ရိုးတန်းဒေသများရှိ ရိုဟင်ဂျာများ၏ သွားလာမှုကို ကန့်သတ်ခြင်း၊ ရေတပ်က လှေများကို ကြားဖြတ်တားဆီးခြင်းနှင့် အရပ်သားများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းတို့တွင် အသုံးပြုခဲ့သဖြင့် ၎င်းအရောင်းအဝယ်သည် အီးယူ၏ ကန့်သတ်ပိတ်ဆို့မှုများကို ဗြောင်ကျကျ ချိုးဖောက်ရာ ရောက်နေသည်။

Thales ကုမ္ပဏီ၏ အဆိုပါ ရေဒါအရောင်းအဝယ်ဖြစ်မြောက်ရေးအတွက် ကျော်သောင်းမိသားစုပိုင် Ky-Tha Trading ကုမ္ပဏီက ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပြီး ကျော်သောင်းမိသားစုသည် မြန်မာစစ်တပ်နှင့် နက်ရှိုင်းသော စီးပွားရေးဆက်နွယ်မှုများရှိသည့် KT Group နှင့် Ky-Tha Group စီးပွားရေးလုပ်ငန်းစုကြီးနှစ်ခုကို လည်ပတ်လျက်ရှိသည်။

ကျော်သောင်းမိသားစု၏ လုပ်ငန်းစုများက မြန်မာစစ်တပ်နှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးများထံမှ မြေကွက်များ ငှားရမ်းအသုံးပြုထားပြီး၊ စစ်ကောင်စီအတွက် လက်နက်နှင့် ဆက်စပ်စစ်သုံးပစ္စည်းများ ရောင်း ဝယ်ရေးကို ကြားခံ ဆောင်ရွက်ပေးနေခြင်းကြောင့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကြီးများတွင် ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေကြောင်း ထင်ရှားလျက်ရှိသည်။

တရားမဝင်စစ်အုပ်စုထံသို့ အခွန်ဝင်ငွေများနှင့် စစ်လက်နက်ပစ္စည်းများ ထပ်မံစီးဆင်းမလာစေရန်အတွက် KT Group နှင့် Ky-Tha Group အပြင် ကုမ္ပဏီဒါရိုက်တာများနှင့် ရှယ်ယာရှင်များအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန် နိုင်ငံတကာကို JFM က တောင်းဆိုထားသည်။

အမေရိကန်အစိုးရက ၂၀၂၂ ခုနှစ်တွင် KT Group ဥက္ကဋ္ဌ ဂျိုနသန်မျိုးကျော်သောင်း နှင့် KT Services & Logistics ကုမ္ပဏီတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း ၃ နှစ်အကြာတွင် ယင်းစာရင်းမှ ပြန်လည်ပယ်ဖျက်ပေးခဲ့သည်။

သို့သော်လည်း လက်ရှိ Disclose ၏ အချက်အလက်သစ်များနှင့် စစ်အုပ်စုထံ ဆက်လက်စီးပွားရှာပေးနေသည့် ဖြစ်စဉ်များကြောင့် အမေရိကန်အနေဖြင့် အဆိုပါ ပိတ်ဆို့မှုများကို ပြန်လည်ချမှတ်သင့်သည့်အပြင် အီးယူ၊ ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့ကပါ ညှိနှိုင်းပူးပေါင်းပြီး KT/Ky-Tha ကွန်ရက်တစ်ခုလုံးကို ပစ်မှတ်ထားပိတ်ဆို့ရန် လိုအပ်နေပြီ ဖြစ်သည်ဟု ထောက်ပြထားသည်။

Thales ကုမ္ပဏီသည် ပြင်သစ်နိုင်ငံတွင် အခြေစိုက်ပြီး ပြင်သစ်အစိုးရကိုယ်တိုင်က ကုမ္ပဏီ၏ အကြီးဆုံးရှယ်ယာရှင် ဖြစ်နေသောကြောင့် ပြင်သစ်အာဏာပိုင်များတွင် ဥပဒေအရ အရေးယူရန် ပိုမိုကြီးမားသော တာဝန်ရှိနေကြောင်း၊ ထို့ကြောင့် ပြင်သစ်အစိုးရအနေဖြင့် အီးယူပိတ်ဆို့မှုကို ချိုးဖောက်ကာ မြန်မာစစ်တပ်ထံ Coast Watcher 100 ရေဒါ တင်ပို့ခဲ့သည့်အပေါ် Thales ကုမ္ပဏီအား တရားဥပဒေစိုးမိုးရေးအရ အပြည့်အဝ စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် Justice For Myanmar က တောင်းဆိုထားသည်။

ဓာတ်ပုံ – ၂၀၁၆ ခုနှစ်အတွင်း KT/Ky-Tha ပိုင်ရှင် မိုးကျော်သောင်းနှင့် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ လက်နက်ဝယ်ယူရေးခရီးစဥ်အတွင်း ပြစ်သစ်နိုင်ငံ အီဖယ်မျှော်စင်သို့ သွားရောက်လည်ပတ်ခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article