မြိုင်ရှိ ကန်နီပျူစောထီးရွာကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်၊ ရေတာရှည်တွင် ကင်းပုန်းဝပ်နေသည့် စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကန်နီပျူစောထီးရွာကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဗစ်တာပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကနီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေး ထိခိုက်သေဆုံးမှုကိုတော့မသိရသေးဘူး။ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ ရွာထဲမှာ ကျန်နေတဲ့ ပြည်သူတွေ လက်နက်ကိုင်ပဲ ဖြစ်ဖြစ် ဘယ်သူမဆို လက်နက်ကိုင်ဆိုလည်း လက်နက်ချ အလင်းဝင်ခဲ့ဖို့ ပြည်သူဆိုရင်လည်း ရွာကို စွန့်ခွာခဲဖို့ အကြံပြုလိုပါတယ် တော်လှန်ရေးအဖွဲ့တွေက ကြိုဆိုနေပါတယ်” ဟု ဗစ်တာပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ လင်းမွေအဖွဲ့ မြိုင်(ပကဖ)၊ အညာမြေပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း ၁၇ Rocket နှင့် Drone အဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် နှောပင်ထိပ်ပေါက်ကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နှောပင်ကျေးရွာ အရှေ့မြစ်ကမ်းပါးအနီးတွင် ကင်းပုန်းဝပ်နေစဥ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တောင်းမြစ်ဝှမ်း အတွင်း နယ်မြေ ရှင်းလင်းရန် ကင်းပတ်နေသော တပ်ရင်း ၃၅၀၄ – ပုဝါနီစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များနှင့် နှောပင်ကျေးရွာ အရှေ့မြစ်ကမ်းပါးအနီးတွင် ကင်းပုန်းဝပ်နေသော အင်အား ၄၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို ထိတွေ့တိုက်ပွဲသည် ၂၅ မိနစ် ခန့်ကြာမြင့်ခဲ့ပြီး၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်မှ နှောပင်ကျေးရွာအတွင်း အင်အားထပ်မံဖြည့်တင်းခဲ့ပြီး ဖြန့်ကျက်နေရာယူထားလျက်ရှိကြောင်း သိရှိရသည်။
