28 C
Yangon

ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော စစ်သား ၂၃ ဦး ကို လက်နက်ခဲယမ်းများနှင့် အတူ အရှင် ဖမ်းမိ

Must read

ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော စစ်သား ၂၃ ဦး ကို လက်နက်ခဲယမ်းများနှင့် အတူ အရှင် ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ အရှင် ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ် ရေးတပ် – အရှို တပ်ဖွဲ့ (CDF – Asho) မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ငဖဲမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ် ကာကင်း စခန်းများကို အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ယင်းစခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားများကို နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့် အကွာရှိ တောတွင်းတစ်နေရာ၌ CDF – Asho တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှ ၂၆ ရက်နေ့ အထိ ၃ ရက်တာအတွင်း စခန်းစွန့်ခွာထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၂၃ ဦးကို အရှင် ဖမ်းဆီးနိုင် ခဲ့ကြောင်း၊ အရှင်ဖမ်းမိသည့် စစ်ကောင်စီ တပ်သား ၂၃ ဦးနှင့် အတူ MA 1 အမျိုးအစားသေနတ် ၁၃ လက်၊ MA 2 အမျိုးအစား သေနတ် ၁ လက်၊ MA- 3 အမျိုးအစား သေနတ် ၃ လက်၊ MA-11 အမျိုးအစားသေနတ် ၂ လက် ၊ MA – 5 အမျိုးအစားသေနတ် ၁ လက် စုစုပေါင်း လက်နက်ငယ် ၂၀ လက်၊ လက်ပစ်မိုင်း ၁၈ လုံး၊ EY သီး ၁၂ လုံး၊ ကျည်အတောင့် ၄၀၀၀ ကျော်နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဖမ်းဆီးရရှိတဲ့သူတွေကို သေချာ အသေးစိပ်မေးမြန်းရတာတော့ မရှိသေးပါဘူး။ သူတို့ရဲ့စခန်းတွေ အနီးမှာ တိုက်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြေးလာတဲ့ သဘောဆောင်ပါတယ်။ ပြန်လည်ခုခံ တာမျိုးတော့ မရှိပေမယ့် အသာတကြည်အဖမ်းခံတာမျိုး၊ ပူးပေါင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကျ နော် တို့က နယ်မြေပိုပြီးတော့ ကျွမ်းကျင်တဲ့အတွက်ကြောင့်မို့လို့ လက်ဦးမှုရယူပြီးတော့ တားဆီး ပိတ်ပင်ဖမ်းဆီးရတာမျိုးဖြစ်ပါတယ်” ဟု ချင်းကာကွယ်ရေးတပ် – အရှို တပ်ဖွဲ့ (CDF – Asho) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ပြောဆိုသည်။

နတ်ရေကန် ဒေသ အနီးတစ်ဝိုက်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်သားများ အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင်ပူးပေါင်းကြရန် ချင်းကာကွယ်ရေးတပ် – အရှိုက ဖိတ်ခေါ်ထားသည်။

“အခုရက်ပိုင်းတွေမှာ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေ တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တချို့က မတိုက်ချင်ဘူးဆိုပြီးတော့ အသံထွက်နေတဲ့ စစ်ကောင်စီ တပ်သားတွေ လည်းရှိတယ်။ ပြီးတော့ သူတို့လည်း သေမှာကြောက်တယ်လို့ပဲ ပြောရမှာပေါ့။ ရှေ့တန်းကို မဖြစ်သာ လို့သွားနေရတယ်။ လစာရမှာကြောင့်သွားနေရတယ်။ တပ်ရင်းမှာ မိန်းမတွေ ကျန်နေခဲ့လို့ သွားနေရတယ်ဆိုတဲ့ ပုံစံမျိုးစုံ အကြောင်းပြချက်မျိုးနဲ့တော့ရှိကြတယ်။ ဒါပေမယ့် ကိုယ့် အသက်ရှင်ချင်တယ်။ ကောင်းမွန်စွာနဲ့ အလင်းဝင်ကြတယ်ဆိုရင် ပြည်သူကလည်း ကြည်ဖြူမှာဖြစ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့လည်း အနီးကပ်ဆုံးသူတို့က ရှိတယ်။ ကျနော် ခဏခဏပြောနေသလိုပဲ သူတို့လည်း လိုင်းလည်းသုံးတယ်။ Facebook လည်းသုံးတယ်။ ဖုန်းတွေလည်းအသုံးပြုခွင့်ရတဲ့အတွက်ကြောင့် မို့ ဆက်သွယ်ရေး ဒီလောက်တိုးတက်နေတဲ့ခေတ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကို ယုံကြည်စွာနဲ့ ဆက်သွယ်ပြီးတော့ အလင်းဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ချင်းကာကွယ် ရေးတပ် – အရှို တပ်ဖွဲ့ (CDF – Asho) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article