ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထောက်ပို့ပြည်သူများ၏ သတင်းကို လိုက်လံစုံစမ်းနေသော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် လင်မယားကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း မကွေးပြောက် ကျားတပ်မှ တာ၀န်ခံ ကံကြီးမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် တောင်တွင်းကြီးမြို့နယ်ရှိ ထောက်ကြံ့ကွင်းကျေးရွာ စစ်တပ် အထိုင်ချ တပ်စွဲထားရာ ဂိတ်အနီးတွင် နေထိုင်သော စစ်တပ် ဒေါက်တိုင် လင်မယားဖြစ်သည့် မြင့်သန်းနှင့် မြစန်းရီ တို့ကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦး လုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော စစ်တပ် ဒေါက်တိုင် မြင့်သန်းနှင့် မြစန်းရီတို့သည် တော်လှန်ရေး ကာလ တစ်လျှောက် အကြမ်းဖက် စစ်တပ်နှင့် အနီးကပ် ပူးပေါင်းပြီး သစ်ကား၊ ဝါးကားများ ထံမှ တောင်းစားခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ ထောက်ပို့များကို ဖမ်းဆီးခိုင်းခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်ခိုင်းခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီနေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှာ ပစ်ခတ် တိုက်ခိုက်ခဲ့တာ။ သူတို့ နေထိုင်တဲ့ ဈေးဆိုင်အတွင်းမှာပဲ ဝင်ရောက်ပစ်ခတ်တာ။ သေနတ် ကျည် ၆ ချက် ထိမှန်ပြီး ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးတယ်။ စစ်ကောင်စီ ဒေါက်တိုင်တွေ အမြင်မှန်ရဖို့နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်သားတွေနဲ့ ပူးပေါင်းပေးကြဖို့ ပြောချင်ပါတယ်” ဟု မကွေးပြောက်ကျားတပ် တာ၀န်ခံ ကံကြီးမောင်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် ဒေါက်တိုင်များအနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် အမြန်ဆုံး ပူးပေါင်းကြရန်နှင့် ပြည်သူ့ဘက် မျက်နှာမမူသော ဒုက္ခပေးသူ မည်သူ့ကိုမဆို ပစ်ခတ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ မဟာမိတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဖက်ဆစ် အာဏာရှင်စနစ် ကျဆုံးသည် အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သည့် အတွက် ပြည်သူလူထု အနေဖြင့် ပူးပေါင်း ပါဝင်ပေးကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရှိရာနေရာများနှင့် ခပ်ဝေးဝေး နေထိုင်ကြရန် ကံကြီးမောင်က ဆက်လက် ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)နှင့် Taungdwingyi Fighter Force (LPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
