ရန်ကုန်တိုင်းတွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို ဖမ်း ဆီးခြင်းနှင့် ငွေညှစ်မှုများ ပြုလုပ်နေပြီး ဆယ်ကျော်သက် အရွယ်လူငယ်တချို့ ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်
ရန်ကုန်၊ မတ် ၁
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ တောင်ဒဂုံမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် စစ်တပ်နှင့် အုပ် ချုပ်ရေးမှူးများက စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူစုဆောင်းခြင်းများနှင့် ငွေညှစ်မှုများ စတင်ပြုလုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်တွင် မတ်လမှ စတင်ပြီး စစ်မှုထမ်း ရန်ပုံငွေဟုဆို အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့က တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀ နှုန်း လိုက်လံ ကောက်ခံနေကြောင်း၊ ထိုပြင် ရာအိမ်မှူးများကလည်း ရပ်ကွက်အတွင်းရှိ လူငယ်များ၏ စာရင်းများကို ကောက်ခံမှုများရှိကြောင်း သိရသည်။
“ရှုခင်းသာရပ်ကွက်မှာ တစ်အိမ် ၅၀၀၀ ဆိုပြီး အုပ်ချုပ်ရေးမှူး အဖွဲ့က လိုက်ကောက်နေပါတယ်။ စစ်မှူထမ်း ရန်ပုံငွေအတွက်ဆိုပြီး ကောက်နေတာပါ။ ရာအိမ်မှူးတွေကလည်း စစ်မှုထမ်း အမည်စာရင်းတွေ လိုက်ကောက်နေတာရှိပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လှိုင်သာယာမြို့နယ် အမှတ် ၅ ရပ်ကွက်၊ သီရိဇေယျလမ်းတွင်နေထိုင်သော အုပ်ချူပ်ရေးမှူး ညွန့်တင်နှင့် မယားဖြစ်သူတို့သည် ရပ်ကွက်အတွင်းရှိ စစ်မှုထမ်းရမည့် လူငယ်များ၏ စာရင်းများကို အကြမ်းဖက် စစ်တပ်ထံ ပေးပို့နေကြောင်း၊ ထို့ပြင် ၎င်းတို့နှင့် အဆင်မပြေသော ပြည်သူများကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
“ညွန့်တင်နဲ့ သူ့မယားက စစ်တပ်အမာခံ ထောက်ခံသူတွေပါ။ စစ်မှုထမ်းအတွက် စစ်သားသစ် စုဆောင်းရာမှာ အဓိက ပူးပေါင်းပါဝင်ပြီး အကြမ်းဖက် စစ်တပ်ကို လူငယ်တွေ စာရင်းတွေ ပို့ဆောင်ပေးနေတာ နောက်ပြီး ပြည်သူတွေကိုလည်း အကြောင်းမဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ အမက ၆ ကျောင်းအနောက်ရှိ စက်ဘီးဆိုင်ဘေးတွင် နေထိုင်သော အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင် (ခ) နိုင်ဒဂုံသည် ရပ်ကွက်အတွင်း ဖြတ်သွားဖြတ်လာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ စတင် လုပ်ဆောင်နေကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင် (ခ) နိုင်ဒဂုံသည် မြေပြင်သပိတ် လူငယ်များကို ရိုက်နှက်ဖမ်းဆီးရာတွင် ဦးဆောင် ပါဝင်နေသူဖြစ်ပြီး ရပ်ကွက်ရုံးကို စစ်ကြောရေး သဖွယ် အသုံးပြု၍ ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ်ခြင်းကြောင့် ပြည်သူများ သေဆုံးမှုရှိကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ၅၄ ရပ်ကွက် နွယ်နီလမ်းတွင်နေထိုင်သော ဘုန်းကြီး ၁ ပါးကို စစ်မှုထမ်းစာရင်းတွင် ပါသည်ဟုဆိုကာ ရပ်ကွက် ရုံးကို ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားပြီးနောက် သင်္ကန်းချွတ်၍ လက်ထိတ်ခတ်ကာ အကြမ်းဖက် စစ်တပ်ထံ အပ်နှံခဲ့ကြောင်း သိရှိရသည်။
” သီဟမျိုးနိုင်က ရပ်ကွက်အတွင်းမှေ ဖြတ်သွားဖြတ်လာ တွေ့ရာလူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းအတွက် လူပေးတာတွေ စတင် လုပ်ဆောင်လာပြီ နောက်ပြီး မြေပြင်သပိတ်လူငယ်တွေ ကို ရိုက်နှက်ဖမ်းဆီးမှုတွေလည်း သူကိုယ်တိုင် ပါဝင်နေတယ်။ ရပ်ကွက်ရုံးကို စစ်ကြောရေးသဖွယ် အသုံးပြု၍ ရိုက်နှက် နှိပ်စက်တာတွေရှိလို့ ပြည်သူတွေ အသက်ဆုံးရှုံးမှုတွေလည်းရှိခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/မြောက်ရပ်ကွက် အုပ်ချုပ်ရေးရုံး အဖွဲ့ဝင်များဖြစ်သော ညိုမင်းလွင်၊ စိုးမြင့်နှင့် စိုးတင့်တို့က ရပ်ကွက်အတွင်းရှိ နေအိမ်များကို စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်း လိုက်လံကောက်ခံနေကြောင်း သိရသည်။
ရပ်ကွက်အတွင်း ၎င်းတို့ လိုက်လံကောက်ခံသော စစ်မှုထမ်းကြေးမပေးသည့် နေအိမ်ရှိ လူငယ်များကိုလည်း စစ်တပ်ထဲ ထည့်မည်ဟုဆိုကာ ခြိမ်းခြောက် တောင်းခံနေခြင်းကြောင့် ပြည်သူများ မဖြစ်မနေ လစဉ် ပေးနေရကြောင်း သိရှိရသည်။
” ညိုမင်းလွင်၊ စိုးမြင့်နဲ့ စိုးတင့် အဲကောင်တွေအားလုံးက တစ်လ ၁ ခါ စစ်မှုထမ်း အသက်ပြည့်ကလေးရှိတဲ့ နေအိမ်တိုင်းကို လိုက်ကောက်ပါတယ်။ အခုလည်း စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လစဉ်ကြေးဆိုပြီး လိုက်ကောက်နေပါတယ်။ သူတို့ တောင်းတာကို မပေးရင် စစ်တပ်ထဲထည့်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်” ဟု ဒေသပြည်သူ ပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ လူငယ်များ ဖေဖော်ဝါရီလ လကုန်ပိုင်းတွင် ဆက်တိုက်ပျောက်ဆုံးမှုများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၉ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၁၆ ရပ်ကွက် ယုဇနလမ်း ဃရပ်ကွက်တွင် နေထိုင်သော ကိုအောင်မင်းထွန်းသည် နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးနေကြောင်း သိရသည်။
ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ရန်ကင်းမြို့နယ်၌ နေထိုင်သော အသက် ၂၀ အရွယ် မောင်ရဲလင်းမြတ်သည် နေအိမ်မှ လမ်းလျှောက်ထွက်လာစဉ် မိသားစုဝင်များနှင့် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် လှည်းကူးမြို့နယ်၌ နေထိုင်သော အသက် ၁၇ နှစ်အရွယ် မောင်ဝေယံထက်အောင်သည် လမ်းထိပ်သို့ သွားရောက်စဉ် မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။


