နောင်ချိုနှင့် မောင်တောမြို့နယ်တို့ကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်နှင့် ရခိုင်ပြည်ရှိ AA က သိမ်းပိုက်ထားသော မောင်တောမြို့နယ်တို့ကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၉ မိနစ်မှ မွန်းလွဲ ၃ နာရီ ၁၃ မိနစ်အချိန်အထိ စစ်ကောင်စီတပ်က လေယာဉ်များဖြင့် နောင်ချိုမြိုနယ် ရွှေမုဠောကျေးရွာကို ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် မယ်သီလရှင် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂၀ရက်နေ့ကလည်း နောင်ချိုမြိုနယ် လောက်ဖန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ မတ်လ ၁ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ AA က သိမ်းပိုက်ထားသော ကျီးကန်းပြင် စစ်ကောင်စီတပ်စခန်းဟောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ တိုက်လေယာဉ်က ကျီးကန်းပြင် တပ်စခန်းဟောင်းပတ်ဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ လတ်တလော အထိအခိုက်အခြေအနေ မသိရသေးကြောင်း ဒေသသတင်းရင်းမြစ် APM နှင့် ဒေသပြည်သူတချို့ထံမှ သိရှိရသည်။
“ကျီးကန်ပြင် ဗုံးကျဲတာတော့ ဗုံးကျဲတဲ့သတင်းပဲရသေးတာ။ အထိအခိုက်အပျက်အစီး အခြေအနေနဲ့ လူသေဆုံးမှု အခြေအနေ မသိရသေးဘူး။ ဖုန်းလိုင်းတွေကလည်း ဆက်သွယ်ဖို့ခက်နေတယ်” ဟု ရန်ကုန်တွင် ရောက်ရှိနေသော မောင်တောဒေသ စစ်ဘေးရှောင် ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ရှင်းလင်းပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော နေရာဒေသများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ တိုးမြှင့်လာနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ဆိုကြသည်။


