27.3 C
Yangon

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြုလုပ်သည့် ပြန်တမ်းဝင် အရာရှိ စာမေးပွဲ မေးခွန်းတစ်စုံလျှင် သိန်း ၃၀ ဖြင့် ရောင်းချ၊ ဖြေဆိုသူနည်းပါး၍ ငွေပေးနိုင်သူများ စာမေးပွဲအောင်ရန် သေချာ

Must read

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြုလုပ်သည့် ပြန်တမ်းဝင် အရာရှိ စာမေးပွဲ မေးခွန်းတစ်စုံလျှင် သိန်း ၃၀ ဖြင့် ရောင်းချ၊ ဖြေဆိုသူနည်းပါး၍ ငွေပေးနိုင်သူများ စာမေးပွဲအောင်ရန် သေချာ

ရန်ကုန်၊ မတ် ၁

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြုလုပ်သည့် ပြန်တမ်းဝင်အရာရှိ စာမေးပွဲ ရေးဖြေ မေးခွန်း တစ်စုံလျှင် သိန်း ၃၀ ဖြင့် လက်သိပ်ထိုးရောင်းချခဲ့ပြီး ဖြေဆိုသူနည်းပါးနေချိန် ငွေပေးနိုင်သူများမှာ စာမေးပွဲအောင်ရန် သေချာနေကြောင်း အဆိုပါစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သော Non-CDM ဝန်ထမ်းတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများတွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိနေရာများတွင် ခန့်အပ်ရန် ပြည်ထောင်စုရာထူးဝန် အဖွဲ့က အရာရှိလောင်းများကို ခေါ်ယူခဲ့ပြီး ရေးဖြေစာမေးပွဲများ စစ်ဆေးကြောင်း၊ စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ စသည့် မေးခွန်းများ ဖြေဆိုကြရာတွင် စာမေးပွဲ မေးခွန်းအားလုံးအတွက် တစ်ဦးလျှင် သိန်း၃၀ နှုန်းဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ညွှန်ကြားရေးမှူးများအမြဲတန်းအတွင်းဝန်များနှင့်ထိပ်ပိုင်းဌာနဆိုင်ရာ အကြီးအကဲတချို့နှင့် ချိတ်ဆက် ဝယ်ယူခွင့်ရရှိခဲ့ကြကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပြန်တမ်းဝင်အရာရှိအဆင့် စာမေးပွဲကို ဖြေဆိုခဲ့ကြရပြီး သိန်း ၃၀ ဖြင့် စာမေးပွဲ မေးခွန်း ဝယ်ယူထားကြသူများမှာ ဖြေဆိုနိုင်ခဲ့ကြကြောင်း၊ဖြေဆိုသူမှာလည်း အနည်းငယ်သာ ရှိသည့်အနက်မှ ငွေကြေးတတ်နိုင်သူများမှာ စာမေးပွဲအောင်ရန် အခွင့်အလင်းပိုမိုများပြားသွားကြောင်း သိ

” အရင် NLD အစိုးရလက်ထပ်မှာ စာမေးပွဲ ဖြေဆိုသူအရမ်းများပြီး တစ်ကြိမ်ခေါ်လျှင် အရာရှိလောင်း သောင်းချီ ဝင်ရောက်ဖြေဆိုကြတာ။ ဖြေဆိုသူတွေက အရည်အချင်းရှိတွေများတော့ တော်ရုံနဲ့ မအောင်ကြဘူး။ တကယ်တော်တဲ့သူတွေပဲ NLD အစိုးရလက်ထက်မှာ အောင်ကြတာ။ အခုကတော့ မကြိုက်တဲ့သူတွေက များတော့ ဖြေဆိုသူက အရမ်းနည်းသွားတယ်။ ဖြေဆိုသူတွေထဲမှာ နိုင်ငံခြားမထွက်နိုင်တဲ့ အခြေခံလူတန်းစားတွေ၊ ဝန်ထမ်းလုပ်နေတဲ့သူတွေရယ်၊ စစ်ကောင်စီအသိုင်းအဝိုင်းက နီးစပ်သူတွေပဲ ဝင်ဖြေကြတော့တယ်။ ဖြေဆိုသူနည်းတဲ့အထဲမှာမှ ငွေကြေးတတ်နိုင်သူက တစ်ပန်းသာတာပေါ့။ သိန်း ၃၀ ပေးရင် မေးခွန် အစုံလိုက်ရတာ။ အဲဒါတွေပဲ ပြန်မေးတာ။ ငွေပေးဝယ်သူတွေ အကုန်ဖြေနိုင်ကြတယ်” ဟု ဖြေဆိုခဲ့သူတစ်ဦးက ဆိုသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြုလုပ်သည့် စာမေးပွဲကို ဝင်ရောက် ဖြေဆိုနိုင်ရန် စစ်တပ်အသိုင်းအ၀ိုင်းက ဖိုးသင်္ကြန်အမည်ရှိ အရာရှိလောင်းစာမေးပွဲ သင်တန်းကျောင်းတစ်ခု နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ပြီး ယင်းသင်တန်းကျောင်းက မေးခွန်းရရှိစေရန်ချိတ်ဆက် ဝယ်ယူပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဖိုးသင်္ကြန် သင်တန်းက ပြည်ထောင်စုရာထူးဝန်အဖွဲက ရာထူးကြီးတွေနဲ့ချိတ်ပြီး မေးခွန်းဝယ်တာ။ အပြင်လူလည်း ပြန်ရောင်းတယ်တဲ့ သိန်း ၃၀ လောက်ပေါက်ကြေးရှိတယ်။ သူ့ သင်တန်းက နေပြည်တော်က ဘုန်းကြီး ကျောင်း တစ်ကျောင်းမှာ အနီးကပ် ညအိပ် စခန်းသွင်းပြီး ဖြေကာနီး ည ၁၂ နာရီမှ မေးခွန်းတွေ ရတာ။ အဖြေတွေကို သူ့ သင်တန်းက လူတွေကို ကျက်ခိုင်းတာ။ မေးခွန်းတွေ အကုန်ကွက်တိပဲ ရကြတာ” ဟု စာမေးပွဲ ဝင်ရောက်ဖြေဆိုသူက ဆိုသည်။

အရာရှိလောင်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သော်လည်း ငွေကြေးမတတ်နိုင်၍ စာမေးပွဲ ကျဆုံးခဲ့သော နေပြည်တော်မှ အခြားသော ဒေသခံတစ်ဦးကလည်း ငွေကြေးဖြင့် မေးခွန်းဝယ်ခွင့်ရရှိသည်မှာ အမှန်အကန်ဖြစ်ပြီး ဝန်ကြီးဌာနဆိုင်ရာများတွင် ပိုင်ရာ ဆိုင်ရာ လုပ်ကိုင်စားသောက်ခွင့် ရရှိနေကြသည်ဟု ပြောဆိုသည်။

“ဘယ်သူမှ မလုပ်တဲ့အချိန်မှာ အရာရှိတွေ ရအောင်ခန့်ဖို့ ညွှန်ကြားချက်ရှိတော့ ဖြေမယ့်လူကို အအောင်ပေးမယ့် အတူ ငွေပေးပြီး မေးခွန်းချပေး ဖြေခိုင်း။ ငွေတတ်နိုင်သူအောင် အရာရှိဖြစ် အဲဒီလိုတွေ ဖြစ်နေတာ” ဟု ၎င်းက ရှင်းပြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌမှာ အငြိမ်းစား ဗိုလ်မှူးချုပ် အောင်သော် (DSA- အပတ်စဉ် ၁၆) ဖြစ်ပြီး ၎င်းသည် ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူး၊ ကာကွယ်ရေးဒုဝန်ကြီး တာဝန်များအပြင် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ၊ဟိုတယ်ခရီးဝန်ကြီး စသည့် တာဝန်များယူခဲ့ဖူးသူလည်းဖြစ်သည်။

ဓာတ်ပုံ- ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ အောင်သော်နှင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရေးဖြေမေးခွန်းတစ်ခု။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article