ပွင့်ဖြူ၊ ရေပုတ်ကြီးရွာမှ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က သွားရောက် ပြောဆိုစဉ် တိုက်ပွဲ ဖြစ်ပွားပြီး ပျူစောထီး ၃ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ မတ် ၁
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာမှ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က သွားရောက် ပြောဆိုစဉ် တိုက်ပွဲ ဖြစ်ပွားပြီး ပျူစောထီး ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် -၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာအတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့က လက်နက်ချ အလင်းဝင်ရန် သွားရောက်ပြောဆိုရာမှ ပျုစောထီးများက စတင်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲ ဖြစ်ပွားနေစဥ်အတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ MI-35 ရဟတ်ယာဉ်ဖြင့် ၅ ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ မြေပြင်တွင် စစ်ရေးအသာစီးရသော်လည်း လေကြောင်းပစ်ကူများ၊ မြေပြင် စစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ရေပုတ်ကြီးရွာမှ ပျူစောထီးအဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ တော်လှန်ရေးတပ်ဖွဲ့ဝင်မျး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ပျူစောထီးမျာထံမှ ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၁၄၉ တောင့်၊ ကျည်ဘောက် ၂ ဘောက် ၊ G3 ကျည် ၁၁ တောင့်၊ ကျည်ဘောက်စပရိန် ၁ ခု ၊ ဓားမြှောင် ၁ ချောင်း ၊ ဖုန်း ၅ လုံး၊ Power Bank ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်း၊ မဟာမိတ် တပ်ပေါင်းစုများဖြစ်သော ပေါက် ၊ မြိုင်စုဖွဲ့မှု ပကဖ၊ Young Force PKU ၊ Earthquake Defence Force PKU နှင့် Joker ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


